
COVID-19 ကိုကာကွယ်နိုင်ဖို့ ၁၅ မိနစ်တစ်ခါ ရေသောက်ဖို့အကြံပေးနေတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။
“COVID-19 ဖြစ်ပွားမှုကိုကုသနေသော ဂျပန်ဆရာဝန်များက အလွန်ထူးကဲသော အကြံပြုချက်။ လူတိုင်းသည် သင်၏ပါးစပ်နှင့်လည်ချောင်းကို စိုစွတ်စေပြိး ခြောက်သွေ့ခြင်းမရှိစေရ။ အနည်းဆုံး ၁၅ မိနစ်တိုင်းရေ အနည်းငယ်သောက်ပါ။ အဘယ်ကြောင့်?… ဗိုင်းရပ်စ်ပိုးသည် သင်၏ပါးစပ်ထဲသို့… သောက်ရေ သို့မဟုတ် အခြားသောအရည်ထဲကို ဝင်ရောက်လျှင်ပင် သင်၏အစာပြွန်နှင့် အစာအိမ်ထဲသို့၎င်းတို့ကိုဆေးကြောပါလိမ့်မည်။ တစ်ချိန်တည်းမှာ ဗိုက်ပြည့်နေတဲ့ အစာအိမ် ACID ကဗိုင်းရပ်စ်အားလုံးကိုသတ်ပစ်လိမ့်မယ်။အကယ်၍ သင်သည်ရေ အလုံအလောက် ပုံမှန်မသောက်ပါက… ဗိုင်းရပ်စ်သည်သင်၏ လေပြွန်နှင့် အဆုတ်ထဲသို့ ဝင်ရောက်နိုင်သည်။ အရမ်းအန္တရာယ်များတယ် ကျေးဇူးပြုပြီး ဒီအကြောင်းလူတိုင်းကို သတိပေး ဝေမျှပေးပါ”ဆိုပြီး ရေးသားထားပါတယ်။

“7 Day News နေ့စဉ် သတင်း” အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုထဲမှာ “စောမူ ယာဝင်း” အမည်နဲ့ဖေ့စ်ဘွတ် သုံးစွဲသူက “soe myint”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူရဲ့ ပို့စ်ကို မျှဝေထားပါတယ်။ အလားတူစွာပဲ “MRTV – 4 Cele Stars” နဲ့ “ဖြစ်ရပ်မှန်” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေမှာလည်း မျှဝေထားတာတွေ့ရပါတယ်။
ရေမကြာခဏသောက်မယ်ဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်ပါသလား။ အချက်အလက်စိစစ်မှု တစ်ချို့ လုပ်ကြည့်ရအောင်ပါ။
အချက်အလက်စိစစ်ချက်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့၀က်ဘ်ဆိုက်မှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဖို့အတွက် ရေသောက်သုံးမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုရှာဖွေကြည့်ခြင်းနဲ့ စတင်ပြီး အချက်အလက်စိစစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ WHO တရားဝင်တွစ်တာအကောင့်မှာ “ရေသောက်ခြင်းအားဖြင့် ရေဓာတ်ပြည့်ဝစေခြင်းက ကျန်းမာရေးအတွက်အရေးကြီးသော်လည်း ၎င်းသည် coronavirus ကူးစက်မှုကိုမတားဆီးနိုင်ပါ”လို့ ရှင်းလင်းစွာပြောကြားထားပါတယ်။ တကယ်လို့ သင့် ဖျားတယ်၊ ချောင်းဆိုးတယ်၊ အသက်ရှူကြပ်တယ်ဆိုရင် နီးစပ်ရာဆေးခန်းကို အမြန်ဆုံးသွားရောက်ဖို့ဖြစ်ပြီး သင်ခရီးသွားခဲ့တဲ့နေရာတွေအကြောင်းပြောပြဖို့ရပါတယ်။ ဖြစ်နိုင်ရင် သင်ကိုယ်တိုင်ဆေးခန်းကိုမသွားပဲ ဆေးရုံဆေးခန်းကို လှမ်းဖုန်းဆက်ပြီး ဆေးရုံဆေးခန်းက လာခေါ်တာကို စောင့်တာကောင်းပါတယ်လို့လည်း အကြံပြုထားပါတယ်။

Q: If drinking water alleviates a sore throat, does this also protect against #2019nCoV infection?
— World Health Organization Philippines (@WHOPhilippines) February 8, 2020
A: While staying hydrated by drinking water is important for overall health, it does not prevent coronavirus infection. pic.twitter.com/AWb1wK89Wj
ဂျပန်နိုင်ငံ ကျန်းမာရေး၀န်ကြီးဌာန ၀က်ဘ်ဆိုက်မှာလည်း ရေသောက်သုံးဖို့ တိုက်တွန်းချက်နဲ့ ပတ်သက်ပြီး ရှာဖွေကြည့်ရှုရာမှာ အကြံပြုချက် တစ်စုံတစ်ရာမတွေ့ရှိရပါဘူး။ကျန်းမာရေး ၀န်ကြီးဌာနက ချောင်းဆိုးခြင်းတာ၊ နှာချေခြင်းတာတို့ မှာ လိုက်နာရမည့်အချက်များနဲ့ လက်များကိုမကြာခဏဆေးကြောခြင်း၊ ပါးစပ်နဲ့ နှာခေါင်းကိုဖုံးအုပ်တာတွေကိုပဲ ကြိုတင်ကာကွယ်မှုအစီအမံအဖြစ်ဖော်ပြထားတာတွေ့ရပါတယ်။

ရေသောက်လို့ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်တယ်ဆိုတာ ကောလာဟလသာဖြစ်တယ်လို့ ဘီဘီစီ သတင်းဌာနက ရေးသားထားတာအောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ ရေသောက်လို့ ကိုရိုနာဗိုင်းရပ်စ် ခန္ဓာကိုယ်ထဲရောက်သွားပြီး ကာကွယ်နိုင်တယ်ဆိုတဲ့အချက်က မဟုတ်ဘူးဆိုတာ ရိုးရိုးလေးတွေ့ကြည့်ရင်ကို သိနိုင်တယ်လို့လည်း လန်ဒန် အပူပိုင်းဒေသဆေးဝါးနဲ့ ကူးစက်ရောဂါဌာန က ကူးစက်ရောဂါအထူးကု Kalpana Sabapathy ကပြောကြားထားပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလက်စိစစ်ချက်တွေအရ ၁၅ မိနစ်တစ်ခါ ရေသောက်ပေးခြင်း လည်ချောင်းထဲက ကိုရိုနာဗိုင်းရပ်စ်ကို ရှင်းလင်းစေပြီး အစာအိမ်ထဲက အက်စစ်ကြောင့်ပိုးသေစေတယ်ဆိုတာ သတင်းမှားဖြစ်ပါတယ်။

Title:၁၅ မိနစ်တိုင်းရေသောက်ခြင်းအားဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်တယ်ဆိုတဲ့ သတင်းမှား
Fact Check By: Nayar MaungResult: False