
ပုဇွန်တောင်မြို့နယ်မှာရှိတဲ့ ပြည်တော်သစ်အိမ်ရာစီမံကိန်းကို ဆောက်လုပ်နေတဲ့ Modern Key Technique ဆောက်လုပ်ရေးကုမ္ပဏီက သူ့ရဲ့ဆောက်လုပ်ရေးလုပ်သား ၈၅၀ရဲ့မဲစာရင်းကို ပုဇွန်တောင်မြို့နယ်မဲစာရင်း ထဲထည့်ဖို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကတဆင့်ထည့်သွင်းသွားတယ်ဆိုတဲ့ သတင်းကို Myanmar Hard Talk ဆိုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ဩဂုတ်လ ၁၆ရက်နေ့က မျှဝေခဲ့ပါတယ်။
ဒီပို့စ်မှာ “ရွေးကောက်ပွဲကော်မရှင်က ဖုံးဖိထားသော ဆောက်လုပ်ရေးလုပ်သား မဲစာရင်းပြဿနာ နိုင်ငံရေး ပါတီများအတွက် အန္တရာယ်ကြီးမားလာ”ဆိုတဲ့ ခေါင်းစဥ်နဲ့ “လက်ရှိ အာဏာရအစိုးရဟာ မူလပါတီဖြစ်တဲ့ NLD ပါတီကို ၂၀၂၀ ရွေးကောက်ပွဲ မှာ အနိုင်ရစေဖို့အတွက် ဆောက်လုပ်ရေးလုပ်သားတွေနဲ့ မဲစာရင်းကစားတာ လုပ်ဆောင်နေပါတယ်။ ဒါကို ရွေးကောက်ပွဲကော်မရှင်က ထုတ်ဖော်မပြောဘဲ ဖုံးဖိထားပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး၊ ပုဇွန်တောင်မြို့နယ်မှာ Modern Key Technique ဆောက်လုပ်ရေးကုမ္ပဏီဟာ အခုရက်ပိုင်းအတွင်း ပုဇွန်တောင်မြို့နယ်၊ အမှတ်(၃) ရပ်ကွက်အတွင်း အလုပ်သမားအင်အား ၈၅၀ ဦးခန့်ကို မဲစာရင်းအတွင်း သွင်းပေး ဖို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ(ပုဇွန်တောင်မြို့နယ်)ကို လာရောက်တင်သွင်းခဲ့ပါတယ်”လို့ Myanmar Hard Talkစာမျက်နှာက ရေးသားမျှဝေထားရာမှာ လူမှုကွန်ယက်အသုံးပြုသူ ၁ ထောင် ၄ ရာကျော်က ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်
အဲဒီစာမျက်နှာရဲ့ရေးသားချက်ဟာ မဟုတ်မှန်ကြောင်း Modern Key Technique ကုမ္ပဏီရဲ့ ဥက္ကဌ ဦးမျိုးမြင့်က မီဒီယာကိုရှင်းလင်းခဲ့တာတွေ့ရပါတယ်။ ပြည်မြန်မာသတင်းဌာနက ဖော်ပြခဲ့တဲ့ ဒီလိုရှင်းလင်းချက် သတင်း ဗွီဒီယိုကို ဒီလင့်ခ်မှာ ကြည့်ရှူ့နိုင်ပါတယ်။
အဲဒီရေးသားချက်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar က ပုဇွန်တာင်မြို့နယ်ရွေးကောက်ပွဲရှင်အဖွဲ့ခွဲဥက္ကဌ ဥက္ကဌဦးမြလှိုင်ကို ဆက်သွယမေးမြန်ခဲ့ရာမှာ “အဲလိုရေးတာ ကျွန်တော်တို့လည်းတွေ့ပါတယ်၊ ဒါကမဟုတ်ပါဘူး ဒီလိုစာရင်းလာသွင်းတယ်ဆိုတာ မရှိခဲ့ပါဘူး၊ မဟုတ်ဘူးဆိုတာကို ကုမ္ပဏီရဲ့ ဥက္ကဌ ဦးမျိုးမြင့် ကိုယ်တိုင်ရှင်း ထားပါတယ်”လို့ ပြန်လည်ဖြေဆိုထားပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ Modern Key Techniqueကုမ္ပဏီက ဆောက်လုပ်ရေးလုပ်သား ၈၅၀ ရဲ့ မဲစာရင်းကို ပုဇွန်တောင်မြို့နယ်မဲစာရင်းထဲ ထည့်သွင်းတယ်ဆိုတာဟာ သတင်းမှားသာဖြစ်ကြောင်း တွေ့ရပါတယ်။

Title:ပုဇွန်တောင်မြိုနယ်မဲစာရင်းထဲ အလုပ်သမား ၈၅၀ရဲ့မဲစာရင်းထည့်သွင်းတယ်ဆိုတဲ့ သတင်းအမှား
Fact Check By: Nayar MaungResult: False