
ဗြိတိန်နိုင်ငံမှာတွေ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ်ဗီဇမျိုးကွဲအသစ်ဟာ လက်ရှိ ဗိုင်းရပ်စ်ထက် အဆ ၇၀ ပိုမိုမြန်ဆန်စွာ ကူးစက်နိုင်တယ်၊ အဆ ၇၀ ပိုမိုပြင်းထန်တယ်ဆိုပြီးတော့ လူမှုကွန်ယက်မှာ မျှဝေနေတာတွေ့ရပါတယ်။
ဒီဇင်ဘာ ၂၀ ရက်ဝန်းကျင်မှာ စတင်ပျံနှံ့ခဲ့တဲ့ ပို့စ်တွေမှာ အင်္ဂလန်မှာ ကိုရိုနာဗီဇပြောင်းဗိုင်းရပ်စ်ဟာ ကူးစက်နှုန်း အဆ(၇၀)အထိ မြန်နေတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဒီဇင်ဘာလ(၁၉)ရက်က သတင်းစာရှင်း လင်းပွဲမှာ ထုတ်ဖော်ပြောဆို သွားခဲ့တယ်လို့ ရေးသားခဲ့ကြသလို ဇန်နဝါရီ ၂ ရက်ဝန်းကျင်မှစပြီး ဗိုင်းရပ်စ် အသစ်ကို မကြောက်ကြောင်း တရုတ်ဘက်က တာဝန်ရှိသူပြောကြားဆိုတဲ့ သတင်းတွေမှာ “အဆ ၇၀ ပိုမိုပြင်းထန်”ဆိုပြီး ထပ်မံသုံးစွဲမျှဝေနေကြတာတွေ့ရပါတယ်။
သို့သော်လည်း ဗြိတိန်မှာ ဗိုင်းရပ်စ်မျိုးကွဲအသစ်တွေ့ရှိရကြောင်း ကြေညာခဲ့တဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် မျိုးစိပ်အသစ်မှာ အဆ ၇၀ ပိုမိုမြန်ဆန်စွာကူးစက်မှု သို့မဟုတ် အဆ ၇၀ ပိုမိုပြင်းထန်တယ်ဆိုတဲ့ အဓိပ္ပာယ် မျိုးမရှိတာတွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို ဗိုင်းရပ်စ်အသစ်နဲ့ ပတ်သက်ပြီး နားလည်မှု လွဲစေနိုင်တာကို Fact Crescendo Myanmar က သတိပြုမိပါတယ်။
လူမှုကွန်ယက်အသုံးပြုသူများကို နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုချက်နဲ့ အရေးအသားတွေပါဝင်တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။
မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ဒီဇင်ဘာ ၁၉ ရက်မှာ ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ဗီဇမျိုးကွဲအသစ်နဲ့ပတ်သက်ပြိး ဗြိတိန်ဝန်ကြီးချုပ်က တရားဝင်ကြေညာခဲ့တာတွေ့ရပါတယ်။ ဗြိတိန်အစိုးရ ဝက်ဘ်ဆိုဒ်မှာ ဒီဇင်ဘာ ၁၉ ရက်က ဖော်ပြခဲ့ထဲ့ ဗြိတိန်ဝန်ကြီးချုပ် ဘောရီဂျွန်ဆင်(Boris Johnson) က လူထုကို အသိပေးပြောကြားချက်ထဲမှာ ဗိုင်းရပ်စ်ဗီဇမျိုးကွဲအသစ်ဟာ အဟောင်းထက် ၇၀ ရာခိုင်နှုန်းပိုမိုမြန်ဆန်နိုင်တယ်လို့ ရေးသားထား တာတွေ့ရပါတယ်။(၇၀ ရာခိုင်နှုန်းဆိုတာ အဆ ၇၀ မဟုတ်ပါ ဘူး။ နောက်ထပ် ၁ ဆနီးပါးပိုမိုမြန်ဆန် စွာကူးစက်နိုင်တာကို ဆိုလိုတာဖြစ်ပါတယ်။) ထို့အပြင် ဗိုင်းရပ်စ်အသစ် ဟာ ပိုမိုပြင်းထန်တယ်ဆိုတဲ့ အထောက်အထားမျိုးလည်း မတွေ့ရသေးဘူးလို့လည်း ဘောရီဂျွန်ဆင်က ပြောကြား ခဲ့ပါတယ်။

မူရင်းလင်ခ့် – gov.uk | Archive link
မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနကလည်း ဗြိတိန်မှာတွေ့ရတဲ့ ဗိုင်းရပ်စ်မျိုးကွဲအသစ်နဲ့ ပတ်သက်ပြီးတော့ “အထူးသတိပြုရမည့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်”ဆိုပြီးတော့ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၁ ရက်က ထုတ်ပြန် အသိပေးခဲ့ရာမှာ ပိုမိုပြင်းထန်တယ်ဆိုတဲ့ အထောက်အထားမျိုးမတွေ့ရသော်လည်း ကူးစက်မှု ပိုမိုမြန်ဆန်သည် ကိုတွေ့ရသည်လို့ ရေးသားထုတ်ပြန်ထားတာတွေ့ရပါတယ်။
မူရင်းလင်ခ့် – MOHS | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ဗြိတိန်မှာစတင်တွေ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ်ဗီဇမျိုးကွဲအသစ်ဟာ အရင်ဗိုင်းရပ်စ် ဗီဇထက်ပိုမိုကူးစက်လွယ်တာတွေ့ရပေမဲ့ အဆ ၇၀ ပိုမိုပြင်းထန်တာ အဆ ၇၀ ပိုမိုကူးစက်လွယ်တယ်ဆိုတဲ့ အထောက်အထားမျိုးမရှိပါဘူး။

Title:ဗြိတိန်မှာတွေ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ်အသစ်က အဆ ၇၀ ပိုမိုပြင်းထန်တယ်ဆိုတာ မဟုတ်ပါ
Fact Check By: Nayar MaungResult: Misleading