နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် ဇူလိုင်လ ၅ ရက်မှာ ကွင်းလုံးကျွတ်လွတ်လာပြီဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “ဗမာ့ရုပ်မြင်သံကြား၏ ဇူလိုင်လ ၅ ရက်နေ့၊နံနက်၁၁နာရီအထူးသတင်း”ဆိုပြီးတော့ “၅ရက် လုံးထင် မထားဘူးဗျို့ ကွင်းလုံးကျွတ်လွတ်ပေးလိုက်ပြီ ၊ဒေါက်ဖိနပ်လျှောက်သံကြားရပြီ (အမေ )လာပြီ၊ ပန်းတွေခူးထားကြပါ” စသည့်ဖြင့်ရေးသားပြီး “Burmese Television “အမည်နဲ့ ယူကျူ့ချယ်နယ်ကနေ ဖြန့်ဝေထားတာ ဖြစ်ပါတယ်။

အလားတူ တူညီတဲ့မျှဝေမှုကိုလည်း ဒီနေရာဒီနေရာ မှာလည်း မျှဝေထားပါတယ်။

မူရင်းလင်ခ့် –Youtube LinkArchive link

အချက်အလက်စိစစ်ချက်

၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကို ယနေ့မှာ ကွင်းလုံးကျွတ်လွတ်လာပြီဆိုတဲ့အကြောင်းကို ဖော်ပြသွားတာကို မတွေ့ရပါဘူး။ ဒီအပြင် သတင်း လုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။

အမှန်မှာတော့ ဇူလိုင်လ ၅ ရက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရံတော် တပ်ဖွဲ့ခေါင်းဆောင် ရဲအုပ် ပြည့်ဖြိုးနိုင် ရမည်းသင်းအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက် လာတဲ့ သတင်းကို ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ ဗွီဒီယိုထဲမှာ မဇ္စျိမသတင်းဌာနက ဇူလိုင်လ ၅ ရက်ကဖော်ပြခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရံတော်တပ်ဖွဲ့ခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးနိုင် ပြန်လည်လွတ်မြောက် ဆိုတဲ့သတင်း၊ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြထားတဲ့ ရန်ကုန်မြို့တွင် စစ်ကောင်စီ တပ်စခန်း ၂ ခု၊ ဦးစီးဌာန ၃ ခုနှင့် စစ်ဆေးရေးနေရာ ၁ ခု ကို ဗုံး ၁၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရတဲ့သတင်းအကြောင်းအရာများကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်ပါတယ်။

သုံးသပ်ချက်

သတင်းမီဒီယာတွေကဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး ‌ခေါင်းစဉ်တု ခေါင်းစဉ်မှားတပ်ပြီး ပြန်လည်ဖြန့်ချိနေတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကွင်းလုံးကျွတ်လွှတ်ပေးလိုက်ပြီ ဆိုတာ မဟုတ်ပါဘူး။

ပြောဆိုချက်- ဒေါ်အောင်ဆန်းစုကြည် ကွင်းလုံးကျွတ်လွတ်လာပြီ

Avatar

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည် ကွင်းလုံးကျွတ်လွတ်လာပြီဆိုတဲ့ သတင်းတု

Written By: Zun Zee

Result: False