မြို့၅မြို့သိမ်းပြီးပြီ၊ဒီည၉နာရီမတိုင်ခင်၁၉မြို့လောက်ပိုင်နိုင်မယ်လို့ NUG က ထုတ်ပြန်တယ်ဆိုတဲ့ ပို့စ်တစ်ခု ဇူလိုင် ၂၃ ရက်ကဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ သတင်းတုသတင်းမှားသာဖြစ်ပါတယ်။ NUG အနေနဲ့ကြေညာခဲ့တာမရှိပါဘူး။

Drama 45 အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက “မြို့၅မြို့သိမ်းပြီးဖြစ်။ ဒီည၉နာရီမတိုင်ခင်၁၉မြို့လောက်ပိုင်နိုင်မယ် ဟုNUGထုတ်ပြန်။”လို့ရေးသားထားသလို မျှဝေထားတဲ့ ဗွီဒီယိုထဲမှာလည်း “မြို့၅မြို့ပါသွားပြီ အောင်ပွဲ ည ၉ နာရီမထိုးခင် ၁၉မြို့လောက်သိမ်းနိုင်လိမ့်မယ်လို့ NUG ထုတ်ပြန်”လို့ရေးသားထားတာတွေ့ရပါတယ်။ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link

အချက်အလက်စိစစ်ချက်

Drama 45 အမည်နဲ့စာမျက်နှာဟာ ဖေ့စ်ဘွတ်မှာပျံ့နှံ့မှုအားကောင်းခဲ့တဲ့ သတင်းတွေကို ဗွီဒီယိုပုံစံပြုလုပ်ပြီး သတင်းခေါင်းစဉ်အတု၊ သတင်းခေါင်းစဉ်အမှားတွေပေးပြီး ဖြန့်ချိတာတွေဆက်တိုက်လုပ်နေတဲ့ စာမျက်နှာတစ်ခု ဖြစ်တာတွေ့ရပါတယ်။ “မြို့၅မြို့ပါသွားပြီ အောင်ပွဲ ည ၉ နာရီမထိုးခင် ၁၉မြို့လောက်သိမ်းနိုင်လိမ့်မယ်လို့ NUG ထုတ်ပြန်”လို့ ဗွီဒီယိုရုပ်သေဓာတ်ပုံမှာရေးသားထားပေမဲ့ ဗွီဒီယိုထဲကအကြောင်းအရာဟာ မြန်မာနောင်း သတင်းဌာနက ဇူလိုင် ၂၂ ရက်ဖော်ပြခဲ့တဲ့ “ရန်ကုန်နှင့် မန္တလေးတွင် ၂၄ နာရီအတွင်း ၅ နေရာ၌ ပေါက်ကွဲမှုဖြစ်” ဆိုတဲ့သတင်းကို ဖတ်ပြနေတာပါ။

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)နဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်တွေကို ဒီလင့်ခ်မှာကြည့်ပါ။ ဒီဖေ့စ်ဘွတ် စာမျက်နှာမှာ မြို့ဘယ်နှမြို့ သိမ်းပိုက်ရရှိတယ်ဆိုတဲ့ ထုတ်ပြန်ချက်မရှိပါဘူး။

အခုဖြန့်ဝေနေတဲ့ဖေ့စ်ဘွတ်စာမျက်နှာနဲ့ဖေ့စ်ဘွတ်လင့်ခ်တွေကိုကြည့်မယ်ဆိုရင် လူတွေစိတ်ဝင်စားဖွယ် သတင်းခေါင်းစဉ်တု၊ သတင်းခေါင်းစဉ်မှားတွေပေးပြီး ဝင်ငွေဖန်တီးနေတဲ့ဘလော့ဂ်စာမျက်နှာတွေက ဖြန့်ဝေနေခြင်းဖြစ်ပါတယ်။ အခြားသော သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကျတဲ့သတင်းဌာန တွေမှာလည်း ဒီသတင်းမတွေ့ရပါဘူး။

သုံးသပ်ချက်

မြို့၅မြို့သိမ်းပြီးပြီ ဒီည၉နာရီမတိုင်ခင် ၁၉မြို့လောက်သိမ်းမယ်လို့ NUG က ထုတ်ပြန်တယ်ဆိုတဲ့ ပို့စ်ဟာ သတင်းတုသတင်းမှားတစ်ခုသာဖြစ်ပါတယ်။

Avatar

Title:Fact Check: မြို့၅မြို့သိမ်းပြီး ည၉နာရီမတိုင်ခင် ၁၉မြို့ လောက်သိမ်းမယ်လို့ NUG ထုတ်ပြန်ဆိုတဲ့သတင်းတု

Fact Check By: Nayar Maung

Result: False