ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီ ရဟတ်ယာဉ်တစီးကို မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော်(MNDAA)ပစ်ချမှု စစ်သား ၇၀၀ ကျော်နဲ့ လေယာဉ်မှု ၅ ဦးသေဆုံးတယ်ဆိုတဲ့ သတင်းတုပို့စ် ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိ ပါတယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။

“ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဗုံးလာကျဲတဲ့ မအလ ပုဇင်း(၁)စင်းကို MNDAA ပစ်ချလိုက်ပြီဟေ့ စစ်ခွေး(၇၀၀)ကျော်သေဆုံး၊လေယာဉ်မှူး(၅)ဦးသေ”(မူရင်းအရေးအသား)

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခုဖြန့်ဝေနေတဲ့ “Share Local Media”အမည်နဲ့ ယူကျု့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို အခုလိုပဲ ထင်ယောင်ထင်မှားဖြစ်စေနိုင်တဲ့ သတင်းခေါင်းစဉ်လွဲ သို့မဟုတ် သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိလေ့ရှိတာ တွေ့ရပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှာ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့လို့ လူသိများတဲ့ MNDAA၊ TNLA နဲ့ AA တို့ဟာ အာဏာသိမ်း စစ်ကောင်စီကို ထိုးစစ်စတင်ဆင်နွှဲကြောင်းကြေညာပြီး စစ်တပ်စခန်းသိမ်း တိုက်ပွဲတွေ စတင်ဆင်နွှဲနေတာဖြစ်ပါတယ်။ ဒီလိုထိုးစစ်စတင်ပြီးကတည်းက MNDAA ရဲ့ သတင်းပြန်ကြားရေးစာမျက်နှာ တခုဖြစ်တဲ့ The Kokang မှာ တိုက်ပွဲနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ဆက်တိုက်ထုတ်ပြန်နေပါတယ်။ ဒီထုတ်ပြန်ချက်တွေမှာ အခုလို ရဟတ်ယာဉ်တစီးပစ်ချတဲ့အကြောင်းနဲ့ စစ်သား ၇၀၀ ကျော်သေဆုံးတဲ့အကြောင်း ထုတ်ပြန်ချက်မတွေ့ရပါဘူး။

ထို့အပြင် အခုဖြန့်ဝေထားတဲ့ ၈ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာပါတဲ့ သတင်းအကြောင်းအရာတွေဟာ ရန်ကုန်ခေတ်သစ်သတင်းဌာန ကဖော်ပြခဲ့တဲ့ “ရှမ်းပြည်နယ်၊ မြောက်ပိုင်းတွင် အင်အား ၇၀ ပါ စစ်တပ်စစ် ကြောင်းကို တိုက်ခိုက်မှု စစ်သား အလောင်း ၄၀ ကျော်၊ လက်နက်ခဲယမ်းများ သိမ်း ဆည်းရရှိ၊ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သုံ့ပန်း ၂ ဦး ဖမ်းဆီးရမိ”၊ လူထူနွေဦးသတင်းဌာနကဖော်ပြခဲ့တဲ့ “ဖယ်ခုံ​ရောက်စစ်​ကောင်စီတပ်အချို့ ရှမ်း​မြောက်သို့ ပြန်သွား”၊ “ချင်းရွှေဟော်တွင် ကိုးကန့် အလံလွှင့်ထူ၍ နယ်စပ်ဂိတ် သန့်ရှင်းရေးလုပ်”၊ “ရေစကြိုမြို့နယ်၊ ရွှေလှံကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး”စတဲ့ သတင်းတွေကို ဖော်ပြနေခြင်းဖြစ်တယ်။

သုံးသပ်ချက်

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ MNDAA နဲ့မဟာမိတ်တွေဟာ စစ်ကောင်စီတပ်စခန်းတွေကို တရစပ်ထိုးစစ်ဆင်နေ တာတွေ့ရပြီး စစ်စခန်းအမြောက်အများလည်း သိမ်းပိုက်ထားပါတယ်။ ဒီလိုအခြေအနေတွေကို သတင်းမီဒီယာ တွေမှာဖော်ပြချက်တွေ့ရပေမဲ့ ရဟတ်ယာဉ်တစီး ပစ်ချခံရပြီး စစ်သား ၇၀၀ ကျော်သေဆုံးမှု သတင်းကိုတော့ မတွေ့ရပါဘူး။ ဗွီဒီယိုထဲမှာလည်း ဒီသတင်းအကြောင်းမပါဝင်ဘဲ သတင်းမီဒီယာအချို့ကဖော်ပြခဲ့တဲ့ တိုက်ပွဲသတင်းတွေကို ပြန်လည်ကူးယူဖြန့်ချိပြီး လူတွေလှည့်စားဖို့အတွက် သတင်းခေါင်းစဉ်တု တပ်ထားခြင်း သာဖြစ်တယ်။

ပြောဆိုချက်- ရဟတ်ယာဉ်တစီး MNDAA ပစ်ချမှု စစ်သား ၇၀၀ ကျော်နဲ့ လေယာဉ်မှု ၅ ဦးသေဆုံး

Avatar

Title:Fact Check: ရဟတ်ယာဉ်တစီး MNDAA ပစ်ချမှု စစ်သား ၇၀၀ ကျော်နဲ့ လေယာဉ်မှု ၅ ဦးသေဆုံးမှု သတင်းတု

Written By: နေရာမောင်

Result: False