
NLD ပါတီ ဖျက်သိမ်းပြီလို့ နကစ ကြေညာလိုက်တယ်လို့ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြစ်ပါတယ်။
ဗွီဒီယိုပုံစံနဲ့ဖြန့်ဝေနေတဲ့ ဒီပို့စ်မှာ“NLD ပါတီ ဖျက်သိမ်းပြီလို့ နကစ ကြေညာ”လို့ ရေးသားထားသလို ဗွီဒီယိုအစမှာပြတဲ့ ဓာတ်ပုံစာသားထဲမှာတော့ “(၁၉)ရက်နေ့ NLD ပါတီ ဖျက်သိမ်းကြောင်း ကြေညာ မအလ အထူးယုတ်မာပြီ” စသည်ဖြင့်ရေးသားထားပါတယ်။
“TepPon News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဒီဇင်ဘာ ၁၉ ရက်က မျှဝေထားတာကို အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီပို့စ်ကို ကြည့်ရှု့မှုပေါင်း ၂ သိန်းကျော်ရှိပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
NLD ပါတီ ဖျက်သိမ်းပြီလို့ ကြေညာမရှိပါဘူး။ သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေပြီး ယုံကြည်ရလောက်တဲ့ သတင်းရင်းမြစ်တစ်ခုတလေမျှ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ TepPon News အမည်နဲ့ ဒီဖေ့စ်ဘွတ်စာမျက်နှာ ကိုလေ့လာကြည့်မယ်ဆိုရင် အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ သတင်းနဲ့အကြောင်းအရာတွေကို အသံသွင်း၊ ဓာတ်ပုံအချို့နဲ့ပေါင်းစပ်ကာ ထင်ယောင်ထင်မှားဖြစ်ဖွယ်ခေါင်းစဉ်တွေနဲ့ လိုသလိုရေးသားမျှဝေနေတာ တွေ့ရပါတယ်။
ဗွီဒီယိုပါအကြောင်းအရာကိုလေ့လာကြည့်မယ်ဆိုရင် လွတ်လပ်တဲ့အာရှအသံသတင်းဌာနက ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂ ရက်မှာဖော်ပြခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလာဒ်ကို ပယ်ဖျက်ပြီး စစ်တပ်က အာဏာသိမ်းအပြီး NLD ပါတီဝင်တွေကို ဦးတည်ပြီး စစ်တပ်က ဖမ်းဆီးပြီး နှစ်ရှည်ထောင်ချနေတဲ့အကြောင်းရေးသားထားတဲ့ ဆောင်းပါးကို ပြန်လည်ဖတ်ကြားနေခြင်းပဲဖြစ်ပါတယ်။ ဆောင်းပါးတစ်ပုဒ်လုံးမှာလည်း NLD ပါတီကို ဖျက်သိမ်းမယ့်အကြောင်း မပါဝင်ပါဘူး။

မူရင်းလင်ခ့် – RFA | Archive link
သုံးသပ်ချက်
လွတ်လပ်တဲ့အာရှအသံသတင်းဌာနက ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂ ရက်မှာဖော်ပြခဲ့တဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲရလာဒ်ကို ပယ်ဖျက်ပြီး စစ်တပ်က အာဏာသိမ်းအပြီး NLD ပါတီဝင်တွေ ဖမ်းဆီး ထောင်ချမှုအကြောင်းဖော်ပြထားတဲ့ဆောင်းပါးကို ပြန်လည်ဖတ်ကြားချက် ဗွီဒီယိုဖြစ်ပါတယ်။ NLD ပါတီကို ဖျက်သိမ်းကောင်းဖျက်သိမ်းမယ်လို့ စစ်တပ်ခန့် ရွေးကောက်ပွဲကော်မရှင်က ပြောကြားဖူးပေမဲ့ အခုဖော်ပြသလို ဖျက်သိမ်းမယ်လို့ ကြေညာတာမရှိသေးပါဘူး။

Title:Fact Check: NLD ပါတီ ဖျက်သိမ်းပြီလို့ နကစ ကြေညာလိုက်တယ်ဆိုတဲ့သတင်းမှား
Fact Check By: နေရာမောင်Result: Partly False