
စစ်ကောင်စီကို တရားမဝင်ဘူးလို့ ထိုင်းဝန်ကြီးချုပ်သစ်ကပြောပြီး သံတမန်အဆက်အသွယ်ဖြတ်တောက် လိုက်တယ်ဆိုတဲ့ ယူကျူ့ဗွီဒီယိုဟာ သတင်းခေါင်းစဉ်တုတပ်ထားခြင်းသာဖြစ်တယ်။
အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်(Srettha Thavisin)ဓာတ်ပုံနဲ့အတူ “စစ်ကောင်စီဟာ တရားမဝင်ဘူးလို့ ထိုင်းဝန်ကြီး အသစ် ပြောလိုက်ပြီ သံတမန်ရေးဖြတ်တောက်ကုန်ပြီဝေ့”စသည်ဖြင့် ရေးသားဖြန့်ဝေထားတာဖြစ်တယ်။

မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
တကယ်တမ်း ဗွီဒီယိုထဲမှာပါတဲ့ သတင်းတွေဟာ မီဒီယာအချို့မှာဖော်ပြထားတဲ့ သတင်းတွေကို ပြန်လည်ကူးယူ ဖော်ပြပြီး လိုအပ်သလို သတင်းခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါသတင်းဟာ လွတ်လပ်တဲ့အာရှအသံ သတင်းဌာန က မြန်မာဘာသာနဲ့ စက်တင်ဘာ ၁၆ ရက်ကဖော်ပြခဲ့တဲ့ “မြန်မာ့အရေး ကြားဝင်ဆောင်ရွက်မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ် ပြော”ဆိုတဲ့ သတင်းကို ခေါင်းစဉ်တုတပ်ထားတာတွေ့ရပါတယ်။ မြန်မာ့အရေး အတွက် လိုအပ်ရင် အာဆီယံ လမ်းကြောင်းအတိုင်းမဟုတ်ဘဲ မြန်မာနဲ့ အလွတ်သဘော ဆွေးနွေးတာတွေ ထိုင်းနိုင်ငံအနေ ထည့်သွင်းစဉ်းစားမယ်လို့ ထိုင်း ဒုတိယဝန်ကြီးချုပ်သစ်နဲ့ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ပန်ဖရီ ပါထီဟာနုကွန်း (Panpree Phathithanukorn ) က ပြောကြောင်း ထိုင်းသတင်းတွေကို ကိုးကား ဖော်ပြထားတာဖြစ်တယ်။
သတင်းအပြည့်အစုံကို အောက်ပါ လင့်ခ်မှာ ကြည့်ပါ။

မူရင်းလင်ခ့် – RFA Burmese | Archive link
စစ်ကောင်စီကို တရားမဝင် ဘူးလို့ ထိုင်းဘက်ကပြောတဲ့အကြောင်းလည်း ယခုရက်ပိုင်း သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာလည်းဖော်ပြချက်မရှိပါဘူး။ ထိုင်းအကြောင်း သတင်းခေါင်းစဉ်တု တပ်ဖြန့်ဝေမှုတွေကို Fact Cresceno Myanmar က အချက်အလက်စိစစ်ခဲ့တာတွေ ဒီလင့်ခ်မှာကြည့်ပါ။
၈ မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုထဲပါအခြားသော သတင်းတွေကတော့ “အရာတော်၊ နောင်ကြီးအိုင်ရွာ အနီးတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်နေ”၊ “ဂန့်ဂေါမှာ PDF ပူးပေါင်းတပ်ရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် အာဏာသိမ်းစစ်တပ် အထိနာ”စတဲ့သတင်းတွေဖြစ်တယ်။
သုံးသပ်ချက်
မြန်မာ့အရေး ကြားဝင်ဆောင်ရွက်မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ်ကပြောဆိုတဲ့ သတင်းကို ခေါင်းစဉ်လွဲ တပ်ထားခြင်းဖြစ်တယ်။ ထိုင်းဟာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ နီးစပ်သလို မြန်မာရွှေ့ပြောင်းအလုပ်သမား အရေး၊ ကုန်သွယ်ရေး၊ လူမှုရေးတွေနဲ့ပတ်သတ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆက်ဆံရေးရှိတဲ့ မြန်မာအိမ်းနီးချင်နိုင်ငံ တခုဖြစ်တဲ့အတွက် လူမှုကွန်ယက်မှာလည်း ထိုင်းအကြောင်းကို မြန်မာစာဖတ်ပရိတ်သတ်က စိတ်ဝင်တ စားရှိပါတယ်။ ဒီလိုအခြေအနေကြောင့် ယူကျူ့မှာခေါင်းစဉ်တု တပ်ဖြန့်ဝေလေ့ရှိတဲ့သူတွေဟာ ထိုင်းအကြောင်း ကိုလည်း သတင်းတုဖြန့်ချိလေ့ရှိပါတယ်။
ပြောဆိုချက်- စစ်ကောင်စီကို တရားမဝင်ဘူးလို့ ထိုင်းဝန်ကြီးချုပ်ပြောပြီး သံတမန်အဆက်အသွယ်ဖြတ်တောက်

Title:Fact Check: စစ်ကောင်စီကို တရားမဝင်ဘူးလို့ ထိုင်းဝန်ကြီးပြောပြီး သံတမန် အဆက်အသွယ်ဖျက်တဲ့ သတင်းတု
Written By: နေရာမောင်Result: False