
လျှပ်စစ်မီးပုံမှန်မရတဲ့အပေါ် စစ်ကောင်စီကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်နဲ့ ချိန်ထိုးဝေဖန်ခဲ့တဲ့ အဆိုတော် ဗျူဟာကို စစ်ကောင်စီတပ်က ဖမ်းဆီးအပြီး စစ်ဆေးမေးမြန်မှုအတွင်း သေဆုံးသွားတယ်ဆိုပြီး ဖေ့စ်ဘွတ်နဲ့ ယူကျူ့ချန်နယ်တွေ ပျံ့နှံ့မှု အားကောင်းခဲ့ပါတယ်။
စစ်တပ်ခေါင်းဆောင်နဲ့ စစ်ကောင်စီ ခန့်လျှပ်စစ်ဝန်ကြီးကို မေလ ၂၃ ရက်မှာ သူ့ဖေ့စ်ဘွတ် စာမျက်နှာကတဆင့် အဆိုတော် ဗျူဟာက ဝေဖန်လို့ဆိုပြီး မေ ၂၄ ရက်မှာ အဖမ်းခံခဲ့ရပါတယ်။
အောက်ပါ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ကို ရိုက်ကူးထားခြးဖြစ်တယ်။ အလားတူ တူညီတဲ့ရေးသားမျှဝေမှုကိုလည်း ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
အဆိုတော် ဗျူဟာ သေဆုံးတဲ့ သတင်းကို သူ့ရဲ့ အိမ်နီးချင်းဆိုသူအမျိုးသမီးရဲ့ ဖေစ့်ဘွတ်အကောင့်က မေလ ၂၆ ရက် မနက်ပိုင်းမှာစတင်ဖြန့်ဝေခဲ့တဲ့ ကောလဟလကနေ အချို့သော ဖေ့စ်ဘွတ်စာမျက်နှာတွေကလည်း ဒီသတင်းကို ပြန်လည် ဖြန့်ဝေခဲ့ကြပါတယ်။ ဒီအချိန်မှာပဲ ရေပန်းစား လူပြောများတဲ့ သတင်းတွေကို ထင်ယောင်ထင်မှားဖြစ်ဖွယ် သတင်းခေါင်းစဉ်တု ခေါင်းစဉ်မှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ် စာမျက်နှာတွေကလည်း ထပ်မံ ဖြန့်ဝေလာကြတာပါပဲဖြစ်တယ်။
တကယ်တော့ အဆိုတော် ဗျူဟာဟာ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးအပြီးမှာ နှိပ်စက်ခံခဲ့ရ ပေမဲ့ မေ ၂၉ နေ့လည်ပိုင်းက မြောက်ဒဂုံမြို့နယ်ရဲစခန်းက ရုံးထုတ် ရမန်ယူခဲ့ရာမှာတော့ ကျန်းကျန်းမာမာရှိ တယ်လို့ မိသားစုဝင်တစ်ဦးကပြောတဲ့အကြောင်း ဧရာဝတီသတင်းဌာနကရေးသားပါတယ်။ အဆိုတော်ဗျူဟာကို ဒီလိုလျှပ်စစ်မီးပျက်တာကို ဝေဖန်မှုအတွက် ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုခံထားရပါတယ်။

မူရင်းလင်ခ့် – RFA Burmese | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ အဆိုတော်ဗျူဟာ သေဆုံးမှုသတင်းဟာ ကောလာဟလသာဖြစ်ပါတယ်။ မေ ၂၉ ရက်က အဆိုတော် ဗျူဟာကို မြောက်ဒဂုံရဲစခန်းက ချုပ်ရက်ရမန်ရယူခဲ့ပြီး ကျန်းကျန်းမာမာရှိတယ်လို့ မိသားစုဝင်တစ်ဦးက အတည်ပြုထားပါတယ်။
ပြောဆိုချက်- အဆိုတော်ဗျူဟာ စစ်ကြောရေးမှာ သေဆုံး

Title:Fact Check: အဆိုတော်ဗျူဟာ အဖမ်းခံရပြီးနောက် သေဆုံးမှုသတင်းမှား
Written By: နေရာမောင်Result: False