
ဉပဒေကိုမလိုက်နာတဲ့အတွက် တပ်မတော်က ဝင်ပါနေတာဖြစ်ပြီး အာဏာမသိမ်းချင်လို့ ပြောနေတာဖြစ်တယ်လို့ ရေးသားထားတဲ့ ဓာတ်ပုံပို့စ်ကို လူမှုကွန်ယက် အသုံးပြုသူ ရာဂဏန်းဝန်းကျင်ကပြန်လည်မျှဝေထားပါတယ်။
တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ သတင်းစာရှင်းလင်းပွဲက ဓာတ်ပုံတစ်ခုနှင့် တကွ ဉပဒေကိုမလိုက်နာတဲ့အတွက် တပ်မတော်က ဝင်ပါနေတာဖြစ်တယ်၊ အာဏာမသိမ်းချင်လို့ ပြောနေ တာဖြစ်ပြီး တပ်မတော်အနေနဲ့ အာဏာသိမ်းချင်ရင် ၂၄ နာရီမကြာဘူးလို့ ရေးသား မျှဝေနေ တာဖြစ်ပါတယ်။
လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ ပို့စ်ကိုအောက်ပါအတိုင်း တွေ့ ရ ပါတယ်။ဒီနေရာနေမှာလည်း မျှဝေထားပါတယ်။
မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
တပ်မတော်သတင်းမှန်ပြန်ကြားရေးစာမျက်နှာစတင်ဖွင့်လှစ်သုံးစွဲခဲ့တဲ့ ဇူလိုင် ၂၃ ရက်ကတည်းက live ထုတ်လွှင့်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲ ဗွီဒီယိုတွေကို ပြန်လည်ကြည့်ရှူရာမှာလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဉပဒေမတိုင်းမလိုက်နာလို့ ပြောရတယ်၊ အာဏာသိမ်းချင်ရင် ၂၄ နာရီမကြာဘူးစတဲ့ စကားလုံးမျိုးကို အသုံးပြုခဲ့တာမျိုးမတွေ့ရှိတာကို Fact Crescendo Myanmar က တွေ့ရပါတယ်။
အခုပျံ့နှံ့လျက်ရှိတဲ့ ပို့စ်ပါအကြောင်းအရာဟာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲက ရွေးကောက်ပွဲအပြီး ပထမဆုံးအကြိမ်အဖြစ် နိုဝင်ဘာ ၂၇ ရက်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ Newswatch သတင်းဌာန မေးမြန်းချက်အပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်း ပြန်လည်ဖြေကြားမှုကို လိုရာဆွဲရေးသားထား ခြင်းဖြစ်တာ တွေ့ရပါတယ်။ ဓာတ်ပုံကလည်း အဆိုပါသတင်းစာရှင်းလင်းပွဲက ပုံဖြစ်တာတွေ့ရပါတယ်။
live ထုတ်လွှင့်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲဗွီဒီယိုရဲ့ ၂၅ မိနစ် ၁၄ စက္ကန့်မှာ Newswatch သတင်းဌာနက အောက်ပါအတိုင်းမေးမြန်းပါတယ်။
“အခု ၂၀၂၀ နိုဝင်ဘာလက လုပ်သွားတဲ့ ရွေးကောက်ပွဲမှာ NLD အနေနဲ့အနိုင်ရပြီးတော့ လွှတ်တော်မှာ နေရာအများစ ုရခဲ့တယ်။ လွှတ်တော်ထဲမှာ အခြားပါတီတွေကတော့ နေရာအနည်းငယ်သာရတယ်။ လွှတ်တော်ကိုယ်စားလှယ်ထဲမှာ NLD ပြီးရင် ဒုတိယအများဆုံးက တပ်မတော်ပဲဖြစ်တယ်။ လေ့လာသုံးသပ်သူအချို့ အပြင်မှာ ဝေဖန်နေကြတာက တပ်မတော်သည် လွှတ်တော်ထဲမှာ အဓိက အတိုက်ခံအင်အားစုအဖြစ် ရပ်တည်လိမ့်မယ်လို့ သုံးသပ်နေပါတယ်။အဲဒီအပေါ်မှာ တပ်မတော်ရဲ့ သဘောထား အမြင်လေးသိချင်ပါတယ်”
လွှတ်တော်အတွင်းမှာ တပ်မတော်အနေနဲ့ လက်ရှိအာဏာရပါတီပြီးလျှင် ဒုတိယအင်အား အတောင့်တင်းဆုံး ဖြစ်တဲ့အတွက် အဓိက အတိုက်ခံဖြစ်လာဖို့ရှိမရှိမေးမြန်းရာမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဉပဒေပါပြဌာန်း အတိုင်းသာလုပ်ဆောင်နေတာဖြစ်ပြီး တပ်မတော်ဟာ အတိုက်အခံမဟုတ်ဘူးလို့ ဖြေကြားခဲ့တာ တွေ့ရပါတယ်။
“တပ်မတော်အနေနဲ့ကတော့ လွှတ်တော်အတွင်းမှာတော့ အခြေခံဉပဒေပါ ပြဌာန်းချက်အများနဲ့ အခြေခံဉပဒေက ပေးတဲ့ တာဝန်တွေကိုပဲ ထမ်းဆောင်နေပါတယ်။တပ်မတော်ရဲ့ တာဝန်တွေနဲ့ ပတ်သက်ပြီး အခြေခံဉပဒေရဲ့ အခန်း(၁) နိုင်ငံတော်အခြေခံမူများအခန်း၊ အခန်း (၄) ဉပဒေပြုရေးအခန်း တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များအပိုင်းနဲ့ အခန်း (၇)တပ်မတော်ရဲ့ အခန်းတွေမှာ လေ့လာတွေ့ရှိနိုင်ပါတယ်။ အခြေခံဉပဒေ ပုဒ်မ ၂၀(င)နဲ့ (စ)တို့အရတော့ တပ်မတော်အနေနဲ့ ဒို့တာဝန်အရေးသုံးပါနဲ့ ဖွဲ့စည်းပုံအခြေခံဉပဒေကို ကာကွယ် စောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်။ တစ်ခုအလေးအနက်ထားပြောချင်တာကတော့ တပ်မတော်အနေနဲ့ ကတော့ နိုင်ငံရေးပါတီမဟုတ်ပါဘူး။ တပ်မတော်အနေနဲ့ နိုင်ငံရေးပါတီမဟုတ်တဲ့အတွက်ကြောင့်မို့လို့ အတိုက်အခံပါတီ လိုမျိုး လုပ်စရာအကြောင်းမရှိပါဘူး။ ခုနပြောခဲ့တဲ့ ပြဌာန်းချက်တွေရှိတယ်။ သို့သော် ကျွန်တော်တို့အနေနဲ့ လိုအပ်ချက်ရှိလာရင်တော့ အပြုသဘောနဲ့ ဝေဖန်ထောက်ပြတာတွေ၊ ဉပဒေအရ အဆုံးအဖြတ်ပေးနိုင်အောင် ဆောင်ရွက်တာတွေတော့ ပြုလုပ်မှာဖြစ်ပါတယ်”
မူရင်းလင့်ခ် – တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ | Archive link
သုံးသပ်ချက်
ဉပဒေကိုမလိုက်နာတဲ့အတွက် တပ်မတော်က ဝင်ပါနေတာဖြစ်ပြီး အာဏာမသိမ်းချင်လို့ ပြောနေတာဖြစ်တယ်လို့ ရေးသားထားတဲ့ ဓာတ်ပုံပို့စ်ဟာ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြားခဲ့သယောင် ပုံမှားရိုက်ပြီး ဖြန့်ဝေခြင်း ဖြစ်တာ တွေ့ရပါတယ်။

Title:တပ်မတော်ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က အာဏာသိမ်းဖို့ ပြောသလား- မဟုတ်ပါ
Fact Check By: Nayar MaungResult: False