
ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသရဲ့ စျာပနကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တယ် လို့ ဆိုလိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နိုင်ငံသံဃာ မဟာ နာယကအဖွဲ့ဝင်ဟောင်း ဆရာတော်ဟာ စစ်ကောင်စီ တပ်သားတွေ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရပြီး ဒီကနေ့(ဇွန် ၂၇ ရက်)မှာ ဥတုရုပ်ကလာပ်ကို မီးသဂြိုဟ်ပူဇော်ပြီးစီးပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တာမရှိပါဘူး။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။
အောက်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို ကြည့်ပါ။
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
အခု ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျု့ချန်နယ်ဟာ သတင်းတု သတင်းမှားတွေ ဖြန့်ချိတဲ့ ချန်နယ်တခုဖြစ်တယ်။ သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ ယုံကြည်ရလောက်တဲ့ မီဒီယာတွေမှာ ယနေ့ကျင်းပခဲ့တဲ့ ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသရဲ့ စျာပနအကြောင်းဖော်ပြကြပေမဲ့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တဲ့အကြောင်း ဖော်ပြခြင်းမရှိပါဘူး။(ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာကြည့်ပါ)။
ဒီအပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းအပြီး ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဖမ်းဆီးထားပြီး အပြင်လောကနဲ့ ထိတွေ့ဆက်ဆံခွင့် မရခဲ့ပါဘူး။
ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသရဲ့ ဈာပနအခမ်းအနားကို စာသင်တိုက်ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာကနေလည်း ဆက်တိုက်ထုတ်လွှင့်ခဲ့တာတွေ့ရပါတယ်။ ဒီလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
ဒီကနေ့ ကျင်းပပြီးစီးခဲ့တဲ့ ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသရဲ့ စျာပနအခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တယ်ဆိုတာ မဟုတ်ပါဘူး။ Local Celegramအမည်နဲ့ ယူကျု့ချန်နယ်ဟာ သတင်းတု သတင်းမှားတွေ ဖြန့်ချိတဲ့ ချန်နယ်တခုဖြစ်တယ်။

Title:Fact Check: ဝင်းနိမ္မိတာရုံဆရာတော် စျာပန ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဆိုတဲ့ သတင်းတု
Written By: နေရာမောင်Result: False