အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသေဆုံးသွားပြီ ဆိုထားတဲ့ပို့စ်တွေ ဖေ့စ်ဘွတ်နဲ့ ယူကျူ့မှာ ယခုရက်ပိုင်းအတွင်း ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့နေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

“ပျော်လို့ရပြီ ပျော်လို့ရပြီ 😁 ဝန်ကြီးချုပ် လီရှန်လွန်းနှင့် နိုင်ငံခြားရေး ၀န်ကြီး George Yeo တို့သည် မြန်မာနိုင်ငံ ယာယီ ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းတို့ထံ ဝမ်းနည်းကြောင်း သဝဏ်လွှာများ အသီးသီး ပေးပို့ခဲ့သည်။ ကွယ်လွန်သူ ဗိုလ်ချုပ်စိုးဝင်း၏ ဈာပနအခမ်းအနား၌ စင်ကာပူနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး ဒေါက်တာ ဘလာဂျီ ဆာဒါဆီဗန် မှ ကိုယ်စား လှယ်များ ပါဝင်မည်ဖြစ်သည်။ https://www.mfa.gov.sg/.../MFA-Press-Statement-Passing-of...”

မူရင်းလင်ခ့် – Fb link | Archive link

ဒီအပြင် ယူကျူ့ချန်နယ်တခုကလည်း ဗိုလ်ချုပ် စိုးဝင်းသေဆုံးမှု ပေါက်ကြားခဲ့လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ဖမ်းဆီးခံရတယ်ဆိုပြီးတော့ ရေးသားဖြန့်ဝေထားရာမှာ ကြည့်ရှူ့မှုပေါင်း ၂ ဒသမ ၆ သိန်းကျော် ရှိပါတယ်။

အချက်အလက်စိစစ်ချက်

Fact Crescendo Myanmar ရဲ့ အချက်အလက် စိစစ်ချက်တွေကြည့်တဲ့အခါ စင်္ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်း နဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျော့ယိုတို့က စစ်ဗိုလ်ချုပ် စိုးဝင်းသေဆုံးမှုကို ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့မှုဟာ အရင် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေခေါင်းဆောင်တဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုရေး ကောင်စီ (န.အ.ဖ)လက်ထက် ဝန်ကြီးချုပ်ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီး စိုးဝင်း ကင်ဆာရောဂါနဲ့ သေဆုံးစဉ်က ပေးပို့ခဲ့တဲ့ သဝဏ်လွှာဖြစ်တာတွေ့ရပါတယ်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ အစည်းအဝေးလုပ်နေစဉ် လက်ရှိ ဒုတိယစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ် မှူးကြီး စိုးဝင်ဟာ တော်လှန်ရေးအဖွဲ့တွေရဲ့ ဒရုန်းနဲ့ တိုက်ခိုက်တာခံရပြီး ဒဏ်ရာရရှိသွားတယ်လို့ တော်လှန်ရေး သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး မီဒီယာတွေမှာဖော်ပြပါတယ်။ တကယ်ပဲ ဒဏ်ရာရရှိခဲ့သလား၊ ရရှိတဲ့ ဒဏ်ရာ ပြင်းထန် သလား ဆိုတာကတော့ အတည်မပြုနိုင်သေးပါဘူး။ စစ်တပ် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ ဒုတိယစစ်ခေါင်းဆောင် ဒဏ်ရာရတဲ့သတင်းကို ငြင်းဆိုပြီး တာဝန်တွေ ဆက်လက်ထမ်းဆောင်နေ တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ နေပြည်တော်က စစ်ဘက်ဆိုင်ရာ သင်္ကြန်‌ရေကစား မဏ္ဍပ်မှာ စစ်ခေါင်း ဆောင် တွေဟာ နှစ်စဉ် လူလုံးထွက်ပြလေ့ရှိပေမဲ့ ဒုတိယစစ်ခေါင်း ဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို ဒီနှစ်မှာ မတွေ့ရပါဘူး။

ယူကျူ့မှာ ဖြန့်ဝေထားတဲ့ ဗိုလ်ချုပ် စိုးဝင်းသေဆုံးမှု ပေါက်ကြားခဲ့လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ဖမ်းဆီးခံရတယ်ဆိုတဲ့ ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်ကတ် စာသားကတော့ လုပ်ကြံရေးသား ထားခြင်းသာဖြစ်တယ်။ တကယ်တမ်း ဗွီဒီယိုထဲပါ သတင်းအကြောင်းအရာဟာ မဇ္ဈိမသတင်းဌာနက ဖော်ပြခဲ့တဲ့ “စစ်ကောင်စီ ဒု-ခေါင်းဆောင် စိုးဝင်း လူမြင်ကွင်းမှပျောက်နေသည်မှာ ၁၀ ရက်ကျော်ရှိလာ”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြနေခြင်းသာဖြစ်တယ်။ သတင်းထဲမှာ စစ်ကောင်စီဒုခေါင်းဆောင်စိုးဝင်းအပါအဝင် စစ်ခေါင်းဆောင်များအထူးအစည်းအဝေးလုပ်နေစဥ် ရှာထူး ဝေါ်တပ်ဖွဲ့ဝင်များက ကာမီကာဇေဒရုန်းတွေနဲ့ တိုက်ခိုက်မှုမှာ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဒုဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေတို့ ပါဝင်နေနိုင်ကြောင်းသိရပြီး ဗိုလ်ချုပ် တဦး၊ ဗိုလ်မှူးချုပ်တဦးအပါအဝင် အကြီးပိုင်းခြောက်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း တိုက်ခိုက်ခဲ့တဲ့ အဖွဲ့ကို ကိုးကားပြီး သတင်းမှာဖော်ပြပါတယ်။ အပြည့်အစုံကို ဒီလင့်ခ်မှာ ကြည့်ပါ။

သုံးသပ်ချက်

စင်္ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်း နဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျော့ယိုတို့က စစ်ဗိုလ်ချုပ် စိုးဝင်းသေဆုံးမှု ဝမ်းနည်းကြောင်း သဝဏ်လွှာဟာ န.အ.ဖလက်ထက် ဝန်ကြီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး စိုးဝင်သေဆုံးစဉ်က ထုတ်ပြန်ချက်ဖြစ်တာတွေ့ရပါတယ်။ ဒုတိယစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ ပုံမှန်တာဝန်တွေ ထမ်းဆောင်နေတယ်လို့ စစ်တပ်ဘက်က သတင်းထုတ်ပြန်ထားပြီး တော်လှန်ရေးအဖွဲ့တွေဘက်ကတော့ ရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်မှုမှာ ဒုတိယစစ်ခေါင်းဆောင် ဒဏ်ရာရှိခဲ့တယ်လို့ ထုတ်ပြန်ထား ပါတယ်။ ဒါပေမဲ့ ဒုတိယစစ်ခေါင်းဆောင် သေဆုံးမှု ကို နှစ်ဘက်စလုံးအတည်ပြုထားတဲ့ အထောက် အထားမရှိပါဘူး။

ပြောဆိုချက်- ဒုတိယစစ်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းသေဆုံးမှု စင်္ကာပူ ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

Avatar

Title:Fact Check: ဒုတိယစစ်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းသေဆုံးမှု သတင်း ခေါင်းစဉ်တု

Fact Check By: နေရာမောင်

Result: Misleading