
ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ ပလတ်ဖောင်းဘေးမှာ စားသားတချို့ရေးသားထားတဲ့ အနီရောင်ဗွီနိုင်းစတွေ ဖြန့်ခင်းထားတဲ့ ပုံတစ်ပုံကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီ ထောက်ခံပွဲလုပ်သူတွေစည်းကမ်းမရှိပဲ ထောက်ခံပွဲက ဗီနိုင်းတွေကို လမ်းပေါ်မှာပစ်ထားခဲ့တယ်လို့ ရေးသားထားတဲ့ပုံကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက် ပေါ်မှာ ရေးသားမျှဝေနေတာ တွေ့ရပါတယ်။
ဒီပို့စ်မှာ အနီရောင်အောက်ခံမှာ အဖြူရောင်စားသားတချို့ရေးသားထားတဲ့ ဗွီနိုင်းစတွေကို အလပ်ဖောင်ဘေးမှာ ဖြန့်ခင်းထားတဲ့ ပုံတစ်ပုံကို “ရန်ကုန်မြို့တွင် ယမန်နေ့က NLD အုပ်စုအားထောက်ခံကြောင်းပြသခဲ့သည့် လူအုပ်စုသည် ၎င်းတို့ကိုင်ဆောင်သော ပိုစတာများအား လူအများသွာလာသည့် လမ်းများပေါ်တွင် စည်းကမ်းမဲ့ပစ်ချပြီး လူစုခွဲသွားကြောင်းသိရသလို ၎င်းတို့လုပ်ရပ်အား ပူးပေါင်ပါဝင်ခြင်းမရှိသည့် ပြည်သူလူထုအားလည်း ခြိမ်းခြောက်ပြောဆိုမှု့တွေပြုလုပ်သွားတယ်လို့သိရပါတယ်။”လို့ အညွှန်းတပ် ရေးသားထားပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
အဲ့ဒီ့ပို့စ်ပါ ပုံကို Zoomဆွဲပြီး ချဲ့ကြည့်မယ်ဆိုရင် “CCTV” “မာန်ပြေ (၃)လမ်း” “ရပ်ကွက်နေပြည်သူများ”စတဲ့ စကားလုံးတွေကို တွေ့မှာဖြစ်ပါတယ်။ ဒါပေမဲ့ပုံအညွှန်းမှာ ပြောထားသလိုမျိုး NLDထောက်ခံပွဲက ပုံတွေကို ကြည့်ရာမှာတော့ထောက်ခံပွဲမှာပါဝင်သူတွေ ကိုင်ဆောင်ထားတဲ့ ဗွီနိုင်းတွေနဲ့ ကြွေးကြော်သံတွေမှာ အထက်ပါစကားလုံတွေမပါတာတွေ့ရပါတယ်။ ဒီထောက်ခံပွဲသတင်းကို ဖော်ပြထားတဲ့ မော်ကွန်းသတင်းဌာနရဲ့ ဝဘ်ဆိုဒ်ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

မူရင်းလင်ခ့် – Mawkun link | Archive link
ဒီပုံကို Google Image Searchမှာ ပုံတူရှာကြည့်ရာမှာတော့ ဒီပုံဟာ DVBသတင်းဌာနကဖော်ပြခဲ့တဲ့ “ရန်ကုန်တိုင်း သာကေတ မြို့နယ် မာန်ပြေ ၃ လမ်းမှာ မူးယစ်ဆေးရောင်းတယ်ဆိုပြီး အိမ်တအိမ်ကို ဖမ်းဆီးမှု နှင့်ပက်သက်လို့ မိသားစုဝင်တွေနဲ့ ရပ်ကွက်နေ ပြည်သူတချို့ မြို့တော်ခန်းမ ရှေ့မှာ ဆန္ဒပြ”ဆိုတဲ့ သတင်းကပုံဖြစ်တာကို တွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
မူရင်းလင်ခ့် – Fb link | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ NLDထောက်ခံပွဲလုပ်သူတွေ သုံးပြီးသားတွေကို လမ်းဘေးမှာ စည်းကမ်းမဲ့ ပစ်ထားခဲ့တယ်လို့ ဖော်ပြနေတဲ့ပုံဟာ မှားယွင်းနေပြီး တကယ်တော့ ဒီပုံဟာ DVBသတင်းဌာနက ဖော်ပြခဲ့ပြီးသားပုံဖြစ်တာကိုတွေ့ရပါတယ်။

Title:NLDထောက်ခံပွဲလုပ်သူတွေ သုံးပြီးသားတွေကို လမ်းဘေးမှာ စည်းကမ်းမဲ့ ပစ်ထားခဲ့တယ်လို့ ဖော်ပြနေတဲ့ ပုံအမှား
Fact Check By: Lynn YuResult: False