Fact Check: Mytel တာဝါတိုင်စောင့်တင့်ကားကို CDF က ဒုံးကျည်နဲ့ တိုက်ခိုက်တဲ့ ဗွီဒီယိုလား – မဟုတ်ပါ

False လူမှုရေး

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(Chinland Denfence Force- CDF)က Mytel တာဝါတိုင်ကို လုံခြုံရေးစောင့်နေတဲ့ စစ်တပ်တင့်ကားကို ပစ်ခတ်မှုအဖြစ် ဗွီဒီယိုဖိုင်တစ်ခုကို ဖေ့စ်ဘွတ်မှာမျှဝေလျက်ရှိပါတယ်။ ဗွီဒီယိုဟာ ၃၁ စက္ကန့် ရှည်လျားပြီး သံဖရိန်နဲ့တိုင်တစ်ခုအလွန်က တင့်ကားတစ်စီးကို ဒုံကျည်တစ်စင်းလာရောက်ထိမှန်ပြီးနောက် ပေါက်ကွဲမီးလောင်သွားတဲ့ မြင်ကွင်းတွေပါဝင်ပါတယ်။

သို့သော်လည်း ဒီဗွီဒီယိုဟာ ၂၀၁၆ ခုနှစ်က အီရတ်စစ်တပ်တင့်ကားတစ်စီးတိုက်ခိုက်ခံရမှုဗွီဒီယိုဖြစ်တာ တွေ့ရ ပါတယ်။ 

 “မင်းတပ်မြို့အတွက်ဂလဲ့စား mytel တာဝါတိုင်ကို လုံခြုံရေးစောင့်နေတဲ့ စကစ တင့်ကားကို CDF က ဆော်ထည့် လိုက်တာ အားရစရာ”လို့ရေးသားပြီး “ဟန်သဲ သူ”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြု သူက မျှဝေထားတာ အောက်ပါ အတိုင်းတွေ့ရပါတယ်။ တူညီစွာရေးသားထားတဲ့ ပို့စ်ကို ဒီနေရာမှာလည်း တွေ့ရပါ တယ်။

မူရင်းလင်ခ့် – Fb linkArchive link

အချက်အလက်စိစစ်ချက်

 ဗွီဒီယိုမှာ Chinland Defense Force(CDF) အမှတ်တံဆိပ်ပါဝင်တာတွေ့ရပါတယ်။ သို့သော်လည်း Chinland Denfese Force ရဲ့ဖေ့စ်ဘွတ်စာမျက်နှာ ဒီဗွီဒီယိုဖိုင်ကို ထုတ်ပြန်ထားခြင်းမရှိတာတွေ့ရပါတယ်။ အခြားသော သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ လွတ်လပ်တဲ့မီဒီယာတွေမှာလည်း ဒီသတင်းဖော်ပြချက်မတွေ့ရပါဘူး။

Google မှာအဓိကကျတဲ့စကားလုံးအချို့ကို အသုံးပြုပြီးဗွီဒီယိုကိုရှာဖွေခဲ့ရာမှာ ၂၀၁၆ ခုနှစ် ကတည်းက အင်တာနက်မှာပျံ့နှံ့လျက်ရှိတာတွေ့ရပြီး အီရတ်စစ်တပ် တင့်ကားတစ်စီးကို အစ္စလာမ္မစ်အဖွဲ့တစ်ဖွဲ့က ဒုံးကျဉ်နဲ့တိုက်ခိုက်ခဲ့တဲ့ ဗွီဒီယိုဖိုင်ဖြစ်တာတွေ့ရပါတယ်။

၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၅ ရက်စွဲနဲ့  Associated Press(AP)သတင်းဌာနရဲ့ Youtube ချန်နယ်မှာ တူညီတဲ့ ဗွီဒီယိုကို “အီရတ်မြောက်ပိုင်း၊ Qayara အနီးတွင် အီရတ်စစ်တပ်တင့်ကားအား ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ပုံကို အစ္စလာမ္မစ်နိုင်ငံတော်အုပ်စု (IS) ရဲ့ Aamaq သတင်းဌာနကထုတ်ပြန်ခဲ့သည်။ အောက်တိုဘာလ (၂၅) ရက်”လို့ ရေးသားဖော်ပြထားပါတယ်။ ထို့အပြင် Washington Post သတင်းဌာနကလည်း ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၃ ရက်မှာ ဒီဗွီဒီယိုကို အီရတ်နိုင်ငံ မိုရ်ဆူးမြို့အနီးမှာ အမေရိကန်လုပ်တင့်ကားကို ဒုံကျည်နဲ့ ပစ်ခတ်မှု အဖြစ် ဖော်ပြခဲ့တာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Associated PressArchive link

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ Mytel တာဝါစောင့်တင့်ကားတိုက်ခိုက်ခံရမှုအဖြစ်မျှဝေထားတဲ့ဗွီဒီယိုဟာ ၂၀၁၆ ခုနှစ်က အီရတ်စစ်တပ်တင့်ကားကို ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခံရမှု ဗွီဒီယိုဖြစ်ပါတယ်။

Avatar

Title:Mytel တာဝါတိုင်စောင့်တင့်ကားကို CDF က ဒုံးကျည်နဲ့ တိုက်ခိုက်တဲ့ ဗွီဒီယိုလား – မဟုတ်ပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *