Fact Check: NLDပါတီက ကိုယ်ပိုင်ရဟတ်ယာဉ်နဲ့ ထွက်ပြေးဖို့စီစဉ်နေတယ်ဆိုတဲ့ သတင်းအမှား

False နိုင်ငံရေး | Politics

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီဝင်တွေက ကိုယ်ပိုင်ရဟက်ယာဉ်နဲ့ ထွက်ပြေးဖို့စီစဉ်နေတယ်ဆိုပြီး RFM (Radio Free Myanmar)အမှတ်တံဆိပ်နဲ့ ရေးသားထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။

ဒီပို့စ်မှာ RFM (Radio Free Myanmar)ဆိုတဲ့ အမှတ်တံဆိပ်နဲ့ “NLDတွေ ထွက်ပြေးဖို့ အပြင်းအထန်ပြင်”လို့ ခေါင်းစဉ်တပ်ထားပြီး “ရွေးကောက်ပွဲမှာ မဲလိမ်မဲခိုးပြီး ၂၀၁၅ ကထက်အင် အနိုင်ရတယ်လို့ မဖြစနိုင်တဲ့စရင်းဇယားတွေနဲ့ အာဏာကို အဓမ္မတည်းဖြင့်ရယူရန်ကြိုးပမ်းခဲ့တဲ့ NLDတွေဟာ တိုင်းပြည်ဘဏ္ဍာ ငွေတွေကို ထင်တိုင်းသုံးပြီး ကိုယ်ပိုင်ရဟတ်ယာဉ်များနှင့် ထွက်ပြေးအပြင်းအထန်ပြင်ဆငင်နေကြောင်း လူမှု့ကွန်ယက်တွင်ပြောဆိုနေကြသည်။ ဒေါ်လာသန်းပေါင်းများစွာတန်သော Leonard အမျိုးအစားရဟတ်ယာဉ်နောက်ထပ် ၂စီးကို ဒီဇင်ဘာ (၁၇)ညသန်ကျော်မှ ကားများဖြင့် ခိုးယူးသယ်ဆောင်လာသည်ကို‌တွေ့ရသည်။”လို့ ရေးသားထားပါတယ်။ ဒီပို့စ်ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ ဒီပို့စ်ကိုပဲ ဒီနေရာဒီနေရာနဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။

မူရင်းလင့်ခ် – FB Link  |   Archive Link

အချက်အလက်စီစစ်ချက်

ဒီလိုရေးသားထားတဲ့ပို့စ်မှာပါဝင်တဲ့ NLDပါတီက ရဟတ်ယာဉ် ၂စီးဝယ်ယူတယ်ဆိုတဲ့သတင်းကို တရားဝင်သတင်းမီဒီယာတွေမှာ ဖော်ပြရေးသားထားတာမတွေ့ရပါဘူး။ အခုလိုရေးသားတဲ့ RFMတံဆိပ်ဟာ နိုဝင်ဘာရွေးကောက်ပွဲ မတိုင်ခင်ကာလကတည်းက NLDပါတီ၊ အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်တို့နဲ့ သက်ဆိုင်တဲ့ သတင်းတု၊ သတင်းအမှားတွေနဲ့ မဟုတ်မမှန်လုပ်ကြံသတင်းတွေကို ရေးသားဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဒီလိုရေးသားတာတွေနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီရဲ့ ဗဟိုသတင်းပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်ကို Fact Crescendo Myanmarက မေးမြန်းရာမှာတော့ “သတင်းအမှားဖြန့်တဲ့ သူတွေက ယုတ်တိရှိအောင်တော့ပြောကြပေါ့ဗျာ၊ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မလဲ၊ ကျွန်တော်တို့ပါတီက လူထုထောက်ခံမှုအပြည့်ရှိတဲ့ပါတီဗျ၊ ထွက်ပြေးစရာ အကြောင်းကိုမရှိတာပဲ၊ လူထုထောက်ခံမှုမရှိတဲ့သူတွေပဲ ဒီလိုစဉ်းစားမှာပါ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

RFMတံဆိပ်နဲ့ သတင်းအတု သတင်းအမှားတွေရေးသားထားကို Fact Crescendo Myanmarက “Radio Free Myanmar အမှတ်တံဆိပ်ဖြင့် သတင်းတုသတင်းမှားများဆက်တိုက်ဖြန့်ချိ”၊ “NLD က မွတ်ဆလင်ရေးရာဝန်ကြီးဌာန ဖွဲ့စည်းပေးမယ်ဆိုတဲ့ သတင်းတု သတင်းမှား”၊ “၂၀၂၀ မှာ NLD အမတ် ၆၈ ရာခိုင်နှုန်း အစ္စလာမ်ဘာသာဝင်ဖြစ်ဖို့ မူဝါဒချထားတယ်ဆိုတဲ့ သတင်းမှား”နဲ့ “မဘိမ်းတမြို့နယ်ထဲမှာပဲ မှတ်ပုံတင်မထားသူ ၃ သိန်းဝန်းကျင် မဲပေးခဲ့တယ်လို့ သတင်းမှားဖြန့်ဝေ”ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ အချက်အလက်စိစစ်ပြီးဖြစ်ပါတယ်။

ဒါ့အပြင် RFMတံဆိပ်နဲ့ သတင်းအမှားဖြန့်ဝေနေတာနဲ့ပတ်သက်ပြီး ပြည်တွင်းမှဒီယာတွေဖြစ်တဲ့ Myanmar Nowသတင်းဌာနနဲ့ Frontier Myanmarတို့ကလည်း ရေးသားထားတာတွေရပါတယ်။ ဒီနေရာနဲ့ ဒီနေရာတွေမှာ ဝင်ရောလေ့လာနိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်တွေအရ NLDပါတီက ကိုယ်ပိုင်ရဟတ်ယာဉ်နဲ့ ထွက်ပြေးဖို့စီစဉ်နေတယ်ဆိုတဲ့သတင်းဟာ သတင်းအမှားဖြစ်တာကိုတွေ့ရပါတယ်။

Avatar

Title:NLDပါတီက ကိုယ်ပိုင်ရဟတ်ယာဉ်နဲ့ ထွက်ပြေးဖို့စီစဉ်နေတယ်ဆိုတဲ့ သတင်းအမှား

Fact Check By: Lynn Yu 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *