
စစ်တပ်အာဏာသိမ်းမှုကို ဆန္ဒပြရင်း ညီညီအောင်ထက်နိုင်ကျဆုံးခဲ့ရာကျောင်းရှေ့မှာ အခုကျောင်းပြန်တက်ဖို့ လုပ်နေတဲ့ မြင်ကွင်းဆိုပြီးတော့ ကမာရွတ်အမှတ် ၅ ကျောင်းရှေ့မှာ ကျောင်းသားကျောင်းသူတွေနဲ့ ပြည့်နေတဲ့ မြင်ကွင်းတစ်ခု မတ် ၂၆ ရက်မှာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား စတင်ပျံ့နှံ့လာပါတယ်။ မေ ၂၆ ရက်နေ ဇူလိုင်၁ ရက်အထိ စစ်တပ်က သူတို့ထိန်းချုပ်ထားတဲ့မြို့ပြတွေမှာ ကျောင်းအပ်နှံရေးရက်သတ်ပတ်အဖြစ် ကြေညာထားပါတယ်။
အာဏာသိမ်းစစ်တပ်က ဖွင့်လှစ်မယ့် အတန်းပညာရေးကို ကျောင်းသားတွေနဲ့ ကျောင်းသားမိဘအများအပြားက သပိတ်မှောက်နေဆဲဖြစ်သလို ကျေးလက်ဒေသအများအပြားမှာ NUG ကလည်း ယခုနှစ်အတန်းပညာကျောင်း ဖွင့်ဖို့ ရှိနေပါတယ်။
ဒီလိုအခြေအနေမှာ “မတရားမှုကို တွန်းလှန်ရင်း ကျည်ထိမှန်ကာ ကျဆုံးခဲ့ရတဲ့ ညီညီအောင်ထက်နိုင် ကျဆုံးရာ ကျောင်းရှေ့မှာ အခုလို ကျောင်းတက်ပြနေတော့ ကျွန်စနစ်မှာ နေသားကျဖို့ အသင့်ဖြစ်နေကြပြီ ထင်ပါရဲ့။
#သွေးအေးသွားရင်_ခွင့်မလွှတ်ကြေး”လို့ ရေးသားပြီး “ပုသိမ်ကြီးမောင်သန့်စင်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ အောက်ပါအတိုင်းမျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ကမာရွတ် အမှတ် ၅ ကျောင်းရှေ့မှာ ဒဏ်ရာနဲ့လဲနေတဲ့ ညီညီအောင်ထက်နိုင်ရဲ့ ဓာတ်ပုံဟာ အာဏာသိမ်း စစ်တပ်ရဲ့ ဆန္ဒပြသူတွေအပေါ်အကြမ်းဖက်ဖြိုခွင်းမှုကို အမှတ်ရစေပါတယ်။ ညီညီအောင်ထက်နိုင်ဟာ စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရင်း ဖေဖော်ဝါရီ ၂၈ ရက်မှာ ရဲတပ်ဖွဲ့ကပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပါတယ်။
အခြားသော ဓာတ်ပုံတစ်ပုံဖြစ်တဲ့ ကျောင်းရှေ့မှာ ကျောင်းသားကျောင်းသူတွေ စုပြုံနေတဲ့ဓာတ်ပုံကို “စစ်ကောင်စီ လက်အောက်ခံ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှုစတင်”လို့ ခေါင်းစဉ်တပ်ရေးသားထားတဲ့ ၂၀၂၂ ခုနှစ် မေ ၂၆ ရက်စွဲနဲ့ မဇ္ဈိမသတင်းတစ်ပုဒ်မှာလည်းအသုံးပြုထားတာတွေ့ရပါတယ်။
သို့သော်လည်း ဓာတ်ပုံကို Google မှာ ပုံရှာနည်းအသုံးပြုပြီး အင်တာနက်မှာ အချိန်စောပြီး ပျံ့နှံ့ခဲ့တဲ့အကြောင်း အရာတွေကို ရှာဖွေကြည့်မယ်ဆိုရင် ဒီဓာတ်ပုံဟာ ၂၀၂၀ ခုနှစ်ကတည်း အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာကို အောက်ပါအတိုင်းတွေ့ရပါတယ်။

၂၀၂၀ ခုနှစ် မေ ၁၇ ရက်စွဲနဲ့ Eleven Media Group က သတင်းဆောင်းပါးတစ်ပုဒ်မှာ ဒီဓာတ်ပုံကို အသုံးပြုထား တာဖြစ်ပြီး ဓာတ်ပုံစာသားအဖြစ် “၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခဲ့သည့် ကျောင်းသား ကျောင်းသူများကို တွေ့ရစဉ် (ဓာတ်ပုံ- မျိုးထက်ပိုင်)”လို့ ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Eleven Media | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ကမာရွတ်အမှတ် ၅ ကျောင်းရှေ့က ကျောင်းသားကျောင်းသူတွေ ဓာတ်ပုံမြင်ကွင်းဟာ စစ်အာဏာသိမ်းမှုမတိုင်ခင်ကတည်းက ၂၀၂၀ ခုနှစ်မေလက တည်းကပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံဖြစ်ပါတယ်။

Title:Fact Check: ၂၀၂၀ခုနှစ်အတွင်း ကမာရွတ် အမှတ် ၅ ကျောင်းရှေ့ကမြင်ကွင်းကို လက်ရှိအဖြစ်အပျက်သဖွယ်မျှဝေ
Fact Check By: Nayar MaungResult: Partly False