Fact Check: ၃ ရက်အတွင်း အာဏာလွှဲပေးဖို့ အာဆီယံအစည်းအဝေးကဆုံးဖြတ်တဲ့ သတင်းမှား

False နိုင်ငံရေး | Politics

မြန်မာစစ်တပ်အနေနဲ့ ၃ ရက်အတွင်း အာဏာလွှဲပေးဖို့ အာဆီယံအစည်းအဝေးကဆုံးဖြတ်လိုက်တယ်ဆိုပြီး ဗွီဒီယိုတစ်ခု ပျံ့နှံ့မှုအားကောင်းနေပါတယ်။ သတင်းမှားသာဖြစ်ပါတယ်။ မြန်မာအရေးနဲ့ ပတ်သတ်ပြီး လက်ရှိ ကျင်းပနေတဲ့ အာဆီယံအစည်းအဝေးမှာ ဆုံးဖြတ်ချက်တစ်စုံတရာချမှတ်ခြင်းမရှိပါဘူး။

 “မနေ့ကလုပ်တဲ့အာဆီယံအစည်းအဝေးဆုံးဖြတ်ချထွက်လာပြီ”လို့ ဗွီဒီယိုခေါင်းစီးစာသားမှာရေးသားထားပြီး “၃ ရက်အတွင်းအာဏာလွှဲဖို့ မအလကို အာဆီယံအမိန့်ချပြီ”လို့လည်း ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာ ရေးသား ထားပါတယ်။

အောက်ပါစရင်ရှော့ခ်ကတော့ ဒီလိုဆိုလိုထားတဲ့ ယူကျူ့ဗွီဒီယိုတစ်ခုဖြစ်တယ်။ 

မူရင်းလင်ခ့် – Youtube link | Archive link

အလားတူ တူညီတဲ့ရေးသားမျှဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

အာဆီယံနဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်တွေကို asean.org မှာတွေ့နိုင်ပါတယ်။ တနှစ် ၂ ကြိမ် အာဆီယံနိုင်ငံ တွေအကြား အလှည့်ကျစနစ်နဲ့ ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံမှာ မေ ၉ ရက်က ၁၁ ရက်အထိ စပြီး ကျင်းပနေပါတယ်။ အာဆီယံဝန်ကြီးများအစည်းအဝေးကိုတော့ တရက်အကြို မေ ၈ ရက်ကတည်းက ကျင်းပနေ ခဲ့တာဖြစ်ပါတယ်။ ဒီအစည်းအဝေးတွေမှာ မြန်မာနိုင်ငံကိုယ်စားပြုနေရာနဲ့ ပတ်သက်ပြီး ချန်လှပ်ခဲ့တာ တွေ့ပါတယ်။ 

အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံရဲ့ ကြိုတင်ပြင်ထားတဲ့ သတင်းထုတ်ပြန်ချက် မူကြမ်းထဲမှာတော့ အာဆီယံအနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အပြင်းအထန်ကန့်ကွက်ရှုတ်ချပြီး အကြမ်းဖက်မှုတွေကို ချက်ခြင်းရပ်တန့်ဖို့ တောင်းဆိုပြီး မြန်မာ့နိုင်ငံရေးကို ငြိမ်းငြိမ်းချမ်းချမ်းအဖြေထုတ်နိုင်မယ့် အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေဖြစ်လာဖို့ဆိုရင် အကြမ်းဖက်မှုတွေရပ်တန့်ခြင်းကသာ တခုတည်းသော အခင်းအကျင်းဖြစ်လိမ့် မယ်လို့ AFP ကဖော်ပြပါတယ်။

မေ ၁၀ ရက်နေ့မှာတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီ အာဆီယံခေါင်းဆောင်တွေ ထုတ်ပြန်ချက်ထွက်ရှိလာပြီး ရှမ်းပြည်နယ်မှာ အာဆီယံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့ တိုက်ခိုက်ခံရမှုကို ရှုတ်ချပြီး ကျူးလွန်သူတွေအနေနဲ့ တာဝန်ခံရမယ်ဆိုတဲ့  အာဆီယံခေါင်းဆောင်များက ကြေညာချက်ပဲဖြစ် ပါတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။

သုံးသပ်ချက်

၃ ရက်အတွင်း အာဏာလွှဲပေးဖို့ အာဆီယံအစည်းအဝေးကဆုံးဖြတ်တယ်ဆိုတာ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါ တယ်။ အာဆီယံက မြန်မာနိုင်ငံနဲ့ ပတ်သတ်ပြီးတစ်ခုထဲသော ထုတ်ပြန်ချက်မှာ အာဆီယံလူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးရေးအဖွဲ့ကို တိုက်ခိုက်မှုအတွက် တာဝန်ခံရမယ်ဆိုတဲ့ ထုတ်ပြချက်သာရှိပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ တစုံတစ်ရာ ဆုံးဖြတ်ချက်ချမှတ်ခြင်းမရှိပါဘူး။

ပြောဆိုချက်- မြန်မာစစ်တပ်အနေနဲ့ ၃ ရက်အတွင်း အာဏာလွှဲပေးဖို့ အာဆီယံအစည်းအဝေးကဆုံးဖြတ်

Avatar

Title:Fact Check: ၃ ရက်အတွင်း အာဏာလွှဲပေးဖို့ အာဆီယံအစည်းအဝေးကဆုံးဖြတ်တဲ့ သတင်းမှား

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *