Fact Check: ကလေးလေဆိပ်ကို PDF နဲ့ CDF စီးနင်းမှု ဗိုလ်မှူးကြီး ၂ ဦးသေဆုံးပြီး လေယာဉ် ၂ စီးပျက်စီးဆိုတဲ့ သတင်းခေါင်းစဉ်မှား

Misleading နိုင်ငံရေး၊

ကလေးမြို့လေဆိပ်ကို PDF နဲ့ CDF စီးနင်းတိုက်ခိုက်မှု ဗိုလ်မှူးကြီး ၂ ဦးသေဆုံးပြီး လေယာဉ် ၂ စီး ပျက်စီးခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့နဲ့ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားရာပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားထားတဲ့ သတင်းမှားတခုသာဖြစ်တယ်။

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ယခုဖြန့်ဝေနေတဲ့ ယူကျူ့ချန်နယ်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကိုလေ့လာကြည့်မယ်ဆိုရင် ချဲ့ကားထားတဲ့ ခေါင်းစဉ် သို့မဟုတ် လုပ်ကြံရေးသားထားတဲ့ ခေါင်းစဉ်တုတွေတပ်ပြီး သတင်းမီဒီယာအချို့က သတင်းတွေကို ပြန်လည်ဖြန့် ဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။

ထို့အပြင် ယခုဖြန့်ဝေနေတဲ့ ဗွီဒီယိုပါသတင်းဟာ The 74 Media က နိုဝင်ဘာ ၂၁ ရက်မှာ ဖော်ပြခဲ့တဲ့ “ကလေးမြို့ လေဆိပ် ဒရုန်းနှင့်ဗုံးချတိုက်ခိုက်ခံရပြီး လေယာဉ် ခရီးစဉ်အားလုံးဖျက်သိမ်း”ဆိုတဲ့ သတင်းကို ဖော်ပြနေခြင်း သာဖြစ်ပြီး ဗွီဒီယိုခေါင်းစဉ်မှာတော့ လိုအပ်သလို ချဲ့ကားရေးသားထားခြင်းဖြစ်တယ်။ မူရင်းသတင်းကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

အခြားသော မီဒီယာတွေကလည်း ကလေးလေဆိပ် ဒရုန်းနဲ့ ဗုံးကြဲခံရမှု သတင်းဖော်ပြခဲ့တာတွေ့ရပါတယ်။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။ ဒီသတင်းဖော်ပြချက်အားလုံးမှာ လူထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်းနဲ့ ပြေးလမ်းကို ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း၊ မည်သည့်အဖွဲ့က ဒီတိုက်ခိုက်မှု လုပ်ဆောင်တယ်ဆိုတာ မသိရကြောင်း ဖော်ပြပါတယ်။ ဒီတိုက်ခိုက်မှုအတွက် တာဝန်ယူကြေညာခဲ့တဲ့ အဖွဲ့အစည်းလည်းမရှိပါဘူး။ 

ဒီဗွီဒီယိုပါအခြားသော သတင်းတွေကတော့ လူထုနွေဦးသတင်းဌာနက နိုဝင်ဘာ ၂၁ ရက်မှာ ဖော်ပြခဲ့တဲ့ “ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်း ၃ခုထပ်သိမ်းနိုင်ပြီး စုစုပေါင်း တပ်စခန်း ၁၆၁ခု ရရှိထားဟု MNDAA အသိပေး”၊ “ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲ လုံခြုံရေးအရ စစ်ကောင်စီဖျက်သိမ်း”၊ ရန်ကုန်ခေတ်သစ် သတင်း ဌာနကဖော်ပြခဲ့တဲ့ “ရွှေဘို၊ မုံရွာနှင့် ရေစကြိုမြို့နယ်တို့တွင် စစ်တပ် ယာဥ်တန်းများကို အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံး”စတဲ့သတင်းတွေကို ပြန်လည်ဖြန့်ဝေထားခြင်း ဖြစ်တယ်။

သုံးသပ်ချက်

သတင်းဌာနအချို့မှာဖော်ပြခဲ့တဲ့ ကလေးမြို့ လေဆိပ် ဒရုန်းနှင့်ဗုံးချတိုက်ခိုက်ခံရပြီးနောက် လေယာဉ် ခရီးစဉ် အားလုံးဖျက်သိမ်းလိုက်တဲ့ သတင်းကို ချဲ့ကားရေးသားထားခြင်းဖြစ်တယ်။ လေဆိပ်တိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတဲ့ အတည်ပြုချက်မျိုးမရှိသလို လူထိခိုက်ဒဏ်ရာရရှိမှု၊ လေယာဉ်ပျက်စီးမှုရှိတယ်ဆိုတဲ့ အထောက်အထားလည်းမရှိပါဘူး။

Avatar

Title:Fact Check: ကလေးလေဆိပ်ကို PDF နဲ့ CDF စီးနင်းမှု ဗိုလ်မှူးကြီး ၂ ဦးသေဆုံးပြီး လေယာဉ် ၂ စီးပျက်စီးဆိုတဲ့ သတင်းခေါင်းစဉ်မှား

Written By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *