နေပြည်တော်မှာ သကြန်အကြိုနေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု သာဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုရဲ့ စခရင်ရှော့ဓာတ်ပုံ၊ စာသားကောက်နုတ်ချက်တွေကို အောက်မှာကြည့်ပါ။ ဧပြီ ၁၃ ရက်မှာ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၆၀၀၀၀ ဝန်းကျင်ရရှိထားတယ်။ အလားတူတဲ့ ဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။
“နေပြည်တော်သင်္ကြန် သွေးချောင်းစီးပြီ စစ်တပ် ဘောမတွေနဲ့ စည်ကားနေတဲ့ နေပြည်တော် သကြန် ဗုံးပေါက်လို့ ဘောမတွေ (၅၀) ကျော်သေဆုံး”(မူရင်းအရေးအသား)

အချက်အလက်စိစစ်ချက်
ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်နဲ့ ဗွီဒီယိုထဲမှာ သင်္ကြန်အကြိုနေ့ အခမ်းအနားတွေ ပြုလုပ်နေစဉ် နေပြည်တော်က စစ်တပ်နဲ့ ဆက်စပ်တဲ့ နေရာတခုမှာ ပြင်းထန်တဲ့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဒီပေါက်ကွဲမှုကြောင့် အရာရှိ၊ စစ်သည်တွေနဲ့ အရပ်သားတချို့အပါအဝင် အများအပြား ထိခိုက်သေဆုံးခဲ့တဲ့ သတင်းများထွက်ပေါ်နေပြီး နေပြည်တော်တစ်ဝိုက်မှာ လုံခြုံရေး အထူးတင်းကြပ်ထားတယ် စသည်ဖြင့် “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်က ဖော်ပြထားတယ်။
ဒါပေမဲ့ ဒီသတင်းအကြောင်းအရာကို သတင်းလုပ်ငန်း အဓိက လုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဖော်ပြချက် မရှိသလို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာလည်း ဖော်ပြချက်မရှိပါဘူး။
ဒီအပြင် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားပြောဆိုမှုတွေနဲ့ သတင်းမီဒီယာတချို့က သတင်းတွေကို ရောနှော ဖြန့်ချိတာ၊ သတင်းမီဒီယာတချို့က သတင်းတွေကို သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိတာတွေ ပြုလုပ်တဲ့နေရာတခု ဖြစ်တယ်။ ဒီချန်နယ်ဟာ သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့အမည်နဲ့ အမှတ်တံဆိပ်ကိုလည်း တုပထားတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
အလားတူတဲ့ သင်္ကြန်အတွင်းပေါက်ကွဲမှုဖြစ်ပြီး ထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ဖြန့်ဝေ ထားတဲ့ “Khit Thit Thadin”၊ “Mandalay Khithit”စတဲ့ ယူကျူ့ချန်နယ်တွေဟာလည်း လုပ်ကြံရေးသား ပြောဆိုချက်တွေနဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ အချက်အလက်စိစစ်ချက် တွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။
သုံးသပ်ချက်
ဗွီဒီယိုတွေ ဖြန့်ချိထားတဲ့ ယူကျူ့ချန်နယ်တွေဟာ လုပ်ကြံရေးသားပြောဆိုမှုတွေနဲ့ သတင်းမီဒီယာတချို့က သတင်းတွေကို ရောနှော ဖြန့်ချိလေ့ရှိပါတယ်။ နေပြည်တော်မှာ သကြန်အကြိုနေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အများအပြား ထိခိုက်သေဆုံးခဲ့အထောက်အထားမရှိပါဘူး။

