
ထွက်ပေါက်မရှိတဲ့ နစက အတွက် ရွေးကောက်ပွဲဟာ တစ်ခုတည်းသော ထွက်ပေါက်မို့ ရွေးကောက်ပွဲမဖြစ်အောင် နိုင်ငံရေး၊စစ်ရေးအပါအဝင် အခြားနည်းလမ်းတွေနဲ့တားဆီးသွားဖို့ NUG က PDF တပ်ဖွဲ့တွေကိုညွှန်ကြားချက် ဆိုတဲ့ စာတစ်စောင်ပျံ့နှံ့လျှက်ရှိပါတယ်။
ပျံ့နှံ့လျှက်ရှိတဲ့ ပို့စ်တွေမှာ “NUG မှ PDF တပ်ဖွဲ့များအား လျှို့ဝှက်ညွှန်ကြားခြင်း” လို့ခေါင်းစဉ်တပ်လျှက် USDP၊ NUP နဲ့ PPP တို့ ၏လက်ရှိလှုပ်ရှားနေမှုများ စောင့်ကြည့်ပြီး ပါတီတာဝန်ရှိသူတွေကို စုံစမ်းပြီး စာရင်း ရယူထားရန်မှအစ ရွေးကောက်ပွဲဟာ နစက အတွက် တစ်ခုတည်းသော ထွက်ပေါက်ဖြစ်လို့ ရွေးကောက်ပွဲ မလုပ်နိုင်ရေး၊ နိုင်ငံရေး၊စစ်ရေးနည်းလမ်း၊အခြားနည်းလမ်းအမျိုးမျိုးနဲ့ တားဆီးဆောင်ရွက်ရန်အပါအဝင် ပါဝင်ယှဉ်ပြိုင်မယ့် လွှတ်တော်အမတ်စာရင်း အတိအကျရရှိပါက ရွေးကောက်ခံလွှတ်တော်မတ်၊ မိသားစုဝင် အားလုံး လုပ်ကြံသတ်ဖြတ်ဖို့နဲ့ အခက်အခဲရှိရင် သူတို့နေအိမ်တွေကို လူစုလူဝေးနဲ့ ဖျက်ဆီးမီးရှို့ တာတွေ့လုပ်ဆောင်ဖို့ဆိုပြီးတော့ ဒီဖြန့်ဝေနေတဲ့စာမှာဖော်ပြပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
NUG ကနေ PDF ကို ရွေးကောက်ပွဲမဖြစ်အောင်တားဆီးဖို့အတွက် ညွှန်ကြားချက်ကို လေ့လာကြည့်ရင် ကြေညာ ချက်ထဲမှာ တော်လှန်ရေးအဖွဲ့အစည်းတွေကသုံးလေ့မရှိတဲ့ နစက (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ)ဆိုတဲ့ အသုံးအနှုန်းကို ဖော်ပြထားပါတယ်။ နစကဆိုတဲ့စကားလုံးကို စစ်တပ်ထောက်ခံသူတွေကသုံးစွဲပါတယ်။ NUG၊ CRPH၊ PDF ဟာ စစ်ကောင်စီ လို့သာသုံးနှုန်းလေ့ရှိပါတယ်။ ဒီအချက်ကိုကြည့်ခြင်းအားဖြင့် NUG က PDF ကိုညွှန်ကြားချက်ဟာ အတုဖြစ်တာသိသာစေပါတယ်။
ထို့အပြင် ဒီစာဟာ NUG ထောက်ခံသူတွေထံက ပျံ့နှံ့လာတာမျိုးမဟုတ်ဘဲ စစ်တပ်ရဲ့ ဝါဒဖြန့်ချိရေး တယ်လီဂရမ်အကောင့်တွေကနေစတင်ထွက်ပေါ်လာခြင်းဖြစ်တာတွေ့ရပါတယ်။ ဆက်လက်ဖြန့်ဝေနေတဲ့ သူတွေဟာလည်း စစ်ကောင်စီကို ထောက်ခံအားပေးဝါဒဖြန့်သတင်းတင်သူတွေဖြစ်တာတွေ့ရပါတယ်။
၂၀၂၃ ခုနှစ်ထဲမှာ စစ်တပ်ကလုပ်မယ်လို့ ပြောဆိုနေတဲ့ ရွေးကောက်ပွဲဖြစ်မြောက်နိုင်ဖွယ်မရှိပါဘူးလို့ နိုင်ငံရေးလေ့ လာသုံးသပ်သူတွေက သုံးသပ်ပါတယ်။ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင်လုပ်ခဲ့ရင်လည်း စစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတမှုရှိမှာမဟုတ်တာမို့ ပြည်တွင်းအပါအဝင် နိုင်ငံတကာက အသိအမှတ်ပြုနိုင်ခြေနည်းပါးပါတယ်။ ၂၀၂၀ ခုနှစ်မှာ သောင်ပြိုကမ်းပြိုအနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်(NLD)ပါတီကလည်း စစ်ကောင်စီကလုပ်ဖို့ကြံစည်နေတဲ့ ရွေးကောက်ပွဲမှန်သမျှကို အသိအမှတ်ပြုလက်ခံမှာမဟုတ်ဘူးလို့ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ကြေညာထားပါတယ်။
ရွေးကောက်ပွဲရလာဒ်ကို ပယ်ဖျက်ပြီး စစ်တပ်ကအာဏာသိမ်းတာကို မကြိုက်တဲ့ လူထုက အကြီးအကျယ် ဆန္ဒပြခဲ့ပြီး စစ်တပ် ဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နှင်းခဲ့တာကြောင့် နောက်ဆုံးမှာ လက်နက်ကိုင်တိုက်ပွဲ ဝင်ဖို့အတွက် PDF ကပေါ်ပေါက်လာတာဖြစ်ပါတယ်။
ထို့အပြင် စစ်တပ်ဟာ အမှန်တကယ်ပဲ မြန်မာတနိုင်ငံလုံးကို စိုးမိုးထားပြီး ရွေးကောက်ပွဲကျင်းပနိုင်တယ်ဆိုတဲ့ ထောက်အထားကင်းမဲ့ပါတယ်။
ပြီးခဲ့တဲ့လထဲမှာလည်း စစ်တပ်ထောက်ခံသူတွေက “မထောက်ခံသူတွေအားလုံးကို သတ်ဖြတ်ဖို့ NUG ထုတ်ပြန်ချက်”သတင်းတုသတင်းမှားကို ဖြန့်ဝေခဲ့ပါသေးတယ်။
သုံးသပ်ချက်
ရေးသားမျှဝေထားတဲ့ ဓာတ်ပုံပို့စ်ပါ လုပ်ကြံသတ်ဖြတ်ဖို့ မီးရှို့ဖို့ ဆိုတဲ့ အကြောင်းအရာကို NUG က PDF ကိုညွှန်ကြားချက်ဆိုတာဟာ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ စစ်တပ်က NUG နဲ့ PDF ကိုအကြမ်းဖက်အဖွဲ့ အစည်းအဖြစ် ကြေညာထားတာမို့ သူတို့ကို အကြမ်းဖက်သူတွေအဖြစ် ပုံဖော်တဲ့သတင်းတုတွေ စစ်တပ်ထောက်ခံ သူတွေက မကြာခဏဖြန့်ဝေလေ့ရှိပါတယ်။ အာဏာသိမ်းထားတဲ့ စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုတွေက လက်မခံနိုင်ဘူးဆိုတာက လျှို့ဝှက်ချက်မဟုတ်တာလည်းတွေ့ရပါတယ်။

Title:Fact Check: ရွေးကောက်ပွဲဝင်မယ့်သူတွေကို လုပ်ကြံသတ်ဖြတ်ဖို့ NUG က PDF ကိုညွှန်ကြားဆိုတဲ့ သတင်းတုသတင်းမှား
By: Nayar MaungResult: Explainer