
မြိုင် PDF တွေက ကလေးသူငယ်တွေကို လက်နက်နဲ့ ခြိမ်းခြောက်ပြီး ဆန္ဒပြခိုင်းတဲ့ ဓာတ်ပုံအဖြစ် ဖေ့စ်ဘွတ် အသုံးပြုသူတွေ အတော်များများက ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။ တကယ်တော့ ဓာတ်ပုံဟာ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ ထုတ်ပြန်ခဲ့တဲ့ PDF အစောင့်အရှောက်နဲ့ ဆန္ဒပြပွဲ ဓာတ်ပုံသာဖြစ်တာတွေ့ရပါတယ်။
“***နစက အစိုးရ မြင်နိုင် ကြားနိုင်
သိနိုင်ပါစေ***
မြိုင်အကြမ်းဖက်PDFမှ ကလေးသူငယ်များအား လက်နက်ဖြင့်ခြိမ်းခြောက်၍ ဆန္ဒပြခိုင်းကြောင်းသိရ”စသည်ဖြင့်ရေးသားပြီး “–”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ရေးသားမျှဝေထားတာတွေ့ရပါတယ်။ ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
အဓိကကျတဲ့ စကားလုံးအချို့အသုံးပြုပြီး ရှာဖွေရာမှာ ဒီဓာတ်ပုံဟာ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ် ကော်မတီ ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံတွေထဲက ဓာတ်ပုံတစ်ပုံကို အသုံးပြုပြီး လိုသလို ပြန်လည်ရေးသားမျှဝေနေ တာတွေ့ရပါတယ်။
“Basic Education General Strike Committee of Myaing – BEGSC – Myaing”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ က ဖေဖော်ဝါရီ ၁ ရက်မှာ အသံတိတ် သပိတ်အပြီးမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၏ ကာကွယ်စောင့်ရှောက်မှု ဖြင့် သပိတ်တရားဟောခဲ့တယ်ဆိုတဲ့ ပို့စ်မှာ အခြားသော ဓာတ်ပုံ ၁၂ ပုံနဲ့အတူ ဒီဓာတ်ပုံကို မျှဝေထား တာဖြစ်ပါတယ်။ အောက်ပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

မူရင်းလင်ခ့် – Basic Education General Strike Committee of Myaing – BEGSC – Myaing | Archive link
ရန်ကုန်၊မန္တလေးအပါအဝင်မြို့အများအပြားမှာစစ်တပ်က ဆန္ဒပြသူတွေကို အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုတွေ အပြီးမှာ ဒီလိုလက်နက်ကိုင် အစောင့်အရှောက်နဲ့ ဆန္ဒထုတ်ဖော်မှုတွေဟာ ကရင်၊ စစ်ကိုင်းနဲ့ မကွေးက ကျေးလက်ဒေသတွေမှာ အတွေ့ရ များတဲ့ မြင်ကွင်းတွေပဲဖြစ်ပါတယ်။ ဉပမာအားဖြင့် မဇ္ဈိမသတင်းဌာနက ၂၀၂၁ ခုနှစ်က စက်တင်ဘာလ ထဲမှာဖော်ပြခဲ့တဲ့ ဗွီဒီယိုတစ်ခုမှာလည်း ဒီလို ဒေသခံလက်နက်ကိုင်တွေကိုယ်တိုင် ဝင်ရောက်ဆန္ဒပြတာတွေ့ရပါတယ်။
ယခုနောက်ပိုင်းမှာ စစ်တပ်ဆန္ဒကျင်ရေးဆန္ဒပြမှု တွေနဲ့ ဆောင်ရွက်ချက်တွေကို လွတ်လပ်သောမီဒီယာနဲ့ စစ်အာဏာသိမ်း ဆန့်ကျင်ရေး တစ်ဖက်အဖွဲ့အစည်းတွေက ထုတ်ပြန်လာတဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး ပြောင်းပြန်ထုတ်လွှင့်ရေးသားမှုတွေ များပြားလာတာတွေ့ရပါတယ်။ Fact Crescendo ကအချက်အလက် စိစစ်ထားတာကို ဒီလင့်ခ်၊ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလေ့လာ နိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ မြိုင်မြို့နယ်မှာ PDF တွေက ကလေးတွေကို ခြိမ်းခြောက်ပြီး ဆန္ဒပြခိုင်းနေ တယ်ဆိုတာ အထောက်အထားမတွေ့ရဘဲ မြိုင်သပိတ်ကော်မတီကထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေကို လိုအပ်သလို ပြုပြင်ရေးသားပြီး ဝါဒဖြန့်ချိနေခြင်းဖြစ်တာတွေ့ရပါတယ်။

Title:Fact Check: မြိုင် PDF က ကလေးတွေကို ခြိမ်းခြောက်ဆန္ဒပြခိုင်းတဲ့ ဓာတ်ပုံလား- မဟုတ်ပါ
Fact Check By: Nayar MaungResult: Misleading