Fact Check: မုဒုံမြို့နယ်မှာ မဲခိုးတာမိလို့ အနိုင်ရ ၅ နေရာပယ်ဖျက်လို့ သတင်းမှားဖြန့်

False နိုင်ငံရေး | Politics

မုဒုံမြို့နယ်မှာ NLD ပါတီဟာ အနိုင်ရခဲ့ပေမဲ့ မဲခိုးခဲ့တာပေါ်ပေါက်တဲ့အတွက် အနိုင်ရ ၅ နေရာစလုံးကို ပယ်ဖျက်လိုက်တယ်ဆိုပြီး လူမှုကွန်ယက်မှာ မျှဝေလျက်ရှိပါတယ်။

ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်အများစုမှာ “မွန်ပြည်နယ် မုဒုံမြို့နယ်တွင် NLD ပါတီနဲ့ ကော်မရှင်ပေါင်း၍ မဲခိုးမှု ၄၀၀၀၀ ကျော်တွေ့ရှိ၍ NLD အနိုင်ရမှု ၅ နေရာပယ်ဖျက်လိုက်ပါတယ်”လို့ရေးသားပြီးMyanmar American News ဆိုတဲ့စာမျက်နှာကနေတင်ခဲ့တဲ့ပို့စ်ကို ပြန်လည်မျှဝေနေကြတာဖြစ်ပါတယ်။ ဒီပို့စ်ကို နိုဝင်ဘာ ၁၀ ရက်က စတင်ပျံ့နှံ့ခဲ့တာဖြစ်ပြီး Myanmar American News စာမျက်နှာဟာ လက်ရှိအချိန်မှာတော့ ဖေ့စ်ဘွတ်မှာမတွေ့ရ တော့ပါဘူး။

အခုလို ပျံ့နှံ့လျက်ရှိတဲ့ပို့စ်ပါသတင်းမျိုး တရားဝင်သတင်းဌာနတွေမှာဖော်ပြချက်တစ်စုံတစ်ရာမတွေ့ရပါဘူး။ မုဒုံမှာ နေရာအများစု အနိုင်ရခဲ့တဲ့ မွန်ညီညွတ်ရေးပါတီ(MUP)က ဒီဖြစ်စဉ်မျိုးမရှိခဲ့ပဲ ဒီသတင်းဟာ အခြေအမြစ် မရှိဘူးလို့ Fact Crescendo Myanmar ကို အတည်ပြုပါတယ်။

လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှာစေနိုင်တဲ့အရေးအသားနဲ့ အလားတူ ရေးသားမျှဝေချက်တွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

မွန်ပြည်နယ်မုဒုံမြို့နယ်မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော်အတွက် ၂ နေရာ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၄  နေရာရှိပါတယ်။ ဒီလွှတ်တော်ကိုယ်စားလှယ် ၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်ရာမှာ မွန်ညီညွတ်ရေးပါတီ(MUP)က ၃ နေရာအနိုင်ခဲ့ပါတယ်။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။

NLD က မဲမသမာမှုလုပ်ခဲ့တာကြောင့် အနိုင်ရပြီးမှ ပယ်ဖျက်ခံရတယ်ဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး MUP ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်နဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး တွဲဖက်အတွင်းရေးမှူး နိုင်အောင်မွန်က Fact Crescendo Myanmar က ဆက်သွယ်အတည်ပြုရာမှာ အောက်ပါအတိုင်းပြောပါ။

“ကျွန်တော်တို့ အဲဒီသတင်းကိုတွေ့ပါတယ်။ တွေ့အခါကျတော့ စုံစမ်းကြည့်တဲ့အခါကျတော့ ဖြစ်နိုင်ခြေ ၂ ခုပေါ့နော်။ ဒီကော်မရှင်ကိုလည်း ကျွန်တော်တို့မေးပါတယ်။ သူတို့ ဘာမှမကြားဘူးအဲလောက်ပဲပြောတာ။ နောက်တစ်ခုက ကျွန်တော်တို့ ပြန်ကြည့်လိုက်အခါကျတော့ သူက ၅ နေရာလို့ရေးတယ်မဟုတ်လား။ အမှန်က ၄ နေရာပဲရှိတယ်”

မုဒုံမှာ လက်ရှိရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အနိုင်ရခဲ့တဲ့ MUP ပါတီအနေနဲ့ ပြိုင်ဘက်ပါတီကို တိုင်ခဲ့တာ၊ အငြင်းပွားခဲ့တာမရှိဘူးလို့လည်း နိုင်အောင်မွန်က ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ နိုဝင်ဘာ ၁၁ ရက်အထိထုတ်ပြန်ချက်အထိ မဲမသမာမှုပြုလုပ်မှုကြောင့် အနိုင်ရနေရာပယ် ဖျက်တယ်ဆိုတဲ့  ဒီလိုဖြစ်စဉ်မျိုး ကြေညာချက်တစ်စုံတစ်ရာ မတွေ့ရှိရပါဘူး။ 

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ မုဒုံမြို့နယ်မှာ NLD ပါတီဟာ အနိုင်ရခဲ့ပေမဲ့ မဲခိုးခဲ့တာပေါ်ပေါက်တဲ့အတွက် အနိုင်ရ ၅ နေရာလုံးကို ပယ်ဖျက်လိုက်တယ်ဆိုပြီးမျှဝေချက်ဟာ သတင်းတုသတင်းမှားဖြစ်ပါတယ်။

Avatar

Title:မုဒုံမြို့နယ်မှာ မဲခိုးတာမိလို့ အနိုင်ရ ၅ နေရာပယ်ဖျက်လို့ သတင်းမှားဖြန့်

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *