တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ နေပြည်တော်မှာ အကျယ်ချုပ်ကျနေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့တယ် ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာမှာ ပျံ့နှံ့နေတာတွေ့ရတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။
“ဝပ်ယီနဲ့ အမေစု တွေ့ ဆုံ
ဒေါ်စု စကားကြောင့် ဝမ်ယိ တုန်လှုပ်
လူထုခေါင်းဆောင်ရဲ့ ပြတ်သားလွန်းတဲ့စကား ၊ တရုတ်
ကိုယ်စားလှယ် ဝမ်ယိ မျက်နှာပျက်ပြီးအံဩ”

အချက်အလက်စိစစ်ချက်
ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ နေပြည်တော်မှာ အကျယ်ချုပ်ကျနေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့တယ်လို့ဆိုထားသလို အသံဖိုင်နဲ့ ဖတ်ကြားမှု မှာလည်း ဒီလိုပြောဆိုထားတာတွေ့ရပါတယ်။ ဒီလိုတွေ့ဆုံမှုမှာ အနောက်အုပ်စုနဲ့ အဆက်အသွယ်ဖြတ်ဖို့ ဝမ်ယိက တောင်းဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်က လက်မခံခဲ့လို့ ဆွေးနွေးမှုဟာ အောင်မြင်မှုမရှိဘူးလို့ အချုပ်ထောင်နဲ့ နီးစပ်သူတွေဆီက သိရကြောင်း စသည်ဖြင့် ဖော်ပြခဲ့တာတွေ့ရတယ်။
ဧပြီ ၂၅ ရက်က နေပြည်တော်ကို ရောက်လာတဲ့ ဝမ်ယိနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုအကြောင်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖြစ်စေ သတင်းလုပ်ငန်းလုပ်ကိုင်နေပြီး အဓိကကျတဲ့ မီဒီယာတွေမှာဖြစ်စေ အထောက်အထား တစုံတရာ မတွေ့ရပါဘူး။ ၂၀၂၄ ခုနှစ်အတွင်း မြန်မာပြည် လာရောက်စဉ်က ဝမ်ယိဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ခြင်းမရှိပါဘူး။
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုံးဝလုပ်ကြံရေးသားဖြန့်ဝေမှုတွေ ဒါမှမဟုတ် သတင်းမီဒီယာတချို့က သတင်းတွေကို ပြန်လည်ဖော်ပြပြီး သတင်းခေါင်းစဉ်တုဖြန့်ချိတာ ပြုလုပ်တဲ့နေရာဖြစ်တယ်။ Fact Crescendo Myanmar က အချက်အလက်စိစစ်ထားတာ ဒီလင့်ခ်မှာ ကြည့်ပါ။
၁၀ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ ဖော်ပြထားတာတွေကတော့ “စစ်ကောင်စီခေါင်းဆောင်က တရုတ်အကျိုးစီးပွား ကာကွယ်ပေးမယ်လို့ ဝမ်ယိကို ကတိပြု”၊ ဖေ့စ်ဘွတ်အသုံးပြုသူတဦးရေးသားတဲ့ “တရုတ်ပြည် လုပ် သမ္မတ ရာထူးလည်း ကယ်နိုင်မည် မဟုတ်”ဆိုတဲ့ အတွေးအမြင်ဆောင်းပါး စတာတွေကို ပြန်လည်ဖော်ပြ ထားတယ်။
သုံးသပ်ချက်
“Khit Thit Media”ယူကျူ့ချန်နယ်ဟာ လုံးဝလုပ်ကြံရေးသားဖြန့်ဝေမှုတွေ ဒါမှမဟုတ် သတင်းမီဒီယာတချို့က သတင်းတွေကို ပြန်လည်ဖော်ပြပြီး သတင်းခေါင်းစဉ်တုဖြန့်ချိတာ ပြုလုပ်တဲ့နေရာဖြစ်တယ်။ အခုလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ နေပြည်တော်မှာ အကျယ်ချုပ်ကျနေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့တယ်ဆိုတာ သတင်းတုသာဖြစ်ပြီး ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက်မရှိပါဘူး။

