Fact Check: ကျိုက်ထီးရိုးပစ်ခတ်မှုမှာ ပြည်သူတွေထိခိုက်သေဆုံးခဲ့ရမှု NUG တောင်းပန် ဆိုတဲ့သတင်းတု

False နိုင်ငံရေး | Politics

ကျိုက်ထီးရိုး ကင်မွန်းစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ PDF တွေပစ်ခတ်မှုမှာ ဘုရားဖူး ပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအတွက် ဝမ်းနည်းကြောင်း NUG က ထုတ်ပြန်ချက်ဆိုတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြု သူတွေအကြားဖြန့်ဝေနေတာဟာ သတင်းတုဖြစ်ပါတယ်။

ဖြန့်ဝေလျှက်ရှိတဲ့ ထုတ်ပြန်ချက်ဓာတ်ပုံစာသားထဲမှာ အချက်သုံးချက်ပါဝင်ပြီး အောက်ပါအတိုင်းရေးသား ထားပါတယ်။ 

“၁။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်နေ့တွင် မိမိတို့အမျိုးသားညီညွှတ်ရေးအစိုးရလက်အောက်ရှိ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့တို့သည် ကျိုက်ထိုမြို့ ကင်မွန်းစခန်း တောင်တက်ကားဂိတ် အနီးတွင် အကြမ်းဖက်စစ်ကောင်စီတက်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။ 

၂။ ထိုသို့ တိုက်ပွဲဖြစ်ပွားရာတွင် မိမိတို့ဘက်မှ မဟာမိတ်ပူးပေါင်းအဖွဲ့တို့၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အနီးဝန်းကျင်တွင်ရောက်ရှိနေသော ဘုရားဖူးပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။

၃။မိမိတို့ အမျိုးသားညီညွှတ်ရေးအစိုးရအနေဖြင့် စစ်ကောင်စီကိုတော်လှန်တိုက်ခိုက်ရာတွင် ဘုရားဖူးမိဘပြည်သူများ ထိခိုက်ခဲ့မှုအတွက် အထူးပင်ဝမ်းနည်းကြေကွဲရပါသည်။” စသည်ဖြင့်ပါဝင်ပါတယ်။

“Thar Din”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဒီစာအတုကိုအောက်ပါအတိုင်းရေးသားမျှဝေထားတာ တွေ့ရပါတယ်။ 

မူရင်းလင်ခ့် – FB linkArchive link  

အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ တရားဝင်လူမှုကွန်ယက်စာမျက်နှာကို ဒီလင့်ခ်မှာကြည့်ပါ။ တစ်စုံတစ်ရာ ထုတ်ပြန်ချက်မရှိပါဘူး။ သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ လွတ်လပ်တဲ့ မီဒီယာတွေမှာလည်း NUG ကဒီလိုထုတ်ပြန်ခဲ့တယ်ဆိုတဲ့အထောက်အထားမတွေ့ရပါဘူး။ 

မြန်မာနောင်းသတင်းဌာနကတော့ ကျိုက်ထီးရိုးပစ်ခတ်မှုမှာ အပြန်အလှန်စွပ်စွဲနေတယ်လို့ ရေးသားထားပြီး ပြည်သူလုထုထိခိုက်သေဆုံးမှုအတွက် NUG ကဝမ်းနည်းကြောင်းထုတ်ပြန်ချက်ပြန်ဟာ အတုဖြစ်တယ်လို့ ရေးသားပါတယ်။ ဒီလို ပစ်ခတ်မှုကြောင့် ရဲတစ်ဦး သေဆုံးခဲ့ပြီး စစ်တပ်ကစွပ်စွဲထားသလို လက်နက်ကြီး အသုံးပြုခြင်း မရှိကြောင်းကျိုက်ထို PDF တာဝန်ခံ CDM ရဲတပ်ကြပ် အေးမင်းထွန်းကလည်းပြောတယ်လို့လည်း ဒီသတင်းမှာရေးသားပါတယ်။

အောက်တိုဘာ ၁၂ ရက်နေ့ကဖြစ်စဉ်မှာ  ဘုရားဖူးအမျိုးသမီး ၃ ဦးသေဆုံးကာ ၁၃ ဦးဒဏ်ရာရခဲ့ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး(KNU)က ကျိုက်ထီးရိုးပစ်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ထုတ်ပြန်ချက် ထုတ်ပြန် လာပြီး “စစ်ကောင်စီ စစ်ဆေးရေးဂိတ်အား အောက်တိုဘာ (၁၂) ရက်နေ့ကမိတ်ဖက်တော်လှန်ရေး အင်အားစုများမှ သွားရောက်ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီမှ စက်သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဘုရားဖူးဧည့်သည်များ ထိခိုက်သေဆုံးခဲ့ရပြီး (၅)နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် ပြည်သူ(၂)ဦးလည်း လက်နက်ကြီးစထိမှန်ခဲ့သည်။”လို့ရေးသားဖော်ပြပါတယ်။

https://www.facebook.com/KNUHQKTL/posts/pfbid02DsGFYxuxQuU9CqUyK5XpxUacdKdGfddWQGceuy3H41Ua2ZT7V1VRBUXN72thDrQWl

ထို့အတူ NUG အစိုးရရဲ့ အချက်အလက်စိစစ်ရေးအဖွဲ့ဖြစ်တဲ့ “သတင်းလား ဂျင်းလား”အစီအစဉ်က  စာနယ်ဇင်းအတွင်းရေးမှူး ဦးနေဘုန်းလတ်က သတင်းတုဖြစ်ကြောင်းအတည်ပြုတယ်လို့ရေးသားထားပါတယ်။

သုံးသပ်ချက်

အောက်တိုဘာ ၁၂ ရက်က ကျိုက်ထီးရိုးတောင်တက်လမ်း ကင်မွန်းစခန်းမှာ ပစ်ခတ်မှုဖြစ်ပွားပြီး ဘုရားဖူးတွေ ထိခိုက်သေဆုံးရမှုအတွက် ဝမ်းနည်းကြောင်း NUG က ထုတ်ပြန်ချက်ဆိုတာဟာ အတုပြုလုပ်ဖန်တီး ချက်ဖြစ်ပါတယ်။ PDF ကလည်း ဘုရားဖူးတွေသေဆုံးရတဲ့ဖြစ်ရပ်ဟာ အထက်ပါအချက်အလက်တွေအရ သူတို့ပစ်ခတ်မှုနဲ့မသက်ဆိုင်ဘူးလို့ ငြင်းဆိုထားချိန်မှာ NUG ကနေ သူတို့လက်အောက်ခံ PDF တွေရဲ့ လုပ်ရပ်ကြောင့် သေဆုံးရမှုတွေအတွက် ဝမ်းနည်းကြောင်းဖော်ပြချက် အဖြစ်ဖော်ပြီး ပြည်သူကိုထင်ယောင် ထင်မှားဖြစ်အောင် သတင်းတုဖြန့်ဝေခြင်းဖြစ်ပါတယ်။  

Avatar

Title:Fact Check: ကျိုက်ထီးရိုးပစ်ခတ်မှုမှာ ပြည်သူတွေထိခိုက်သေဆုံးခဲ့ရမှု NUG တောင်းပန် ဆိုတဲ့သတင်းတု

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *