Fact Check: နေပြည်တော်က တပ်ရင်းလိုက် ညတွင်းချင်းထွက်ပြေးတိမ်းရှောင်မှု သတင်းခေါင်းစဉ်တု

False နိုင်ငံရေး | Politics

နေပြည်တော်က တပ်ရင်းလိုက်ညတွင်းချင်းထွက်ပြေးတိမ်းရှောင်မှုဖြစ်ပွားခဲ့တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ဒီသတင်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနက အတည်ပြုကြေညာတယ်လို့လည်း ဆိုထားပါတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုသာဖြစ်တယ်။ 

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ 

“နေပြည်တော် အထိုင်တပ်မ၊တပ်ရင်းတစ်ခုလုံး ညက မိသားစုလိုက်တပြိုင်နက်ထွက်ပြေးကုန်ပြီဟေ့ အခုပဲ ရန်ကုန်ခေတ်သစ် အတည်ပြုကြေညာလိုက်ပြီ”

အလားတူစွာ နေပြည်တော်က အရာရှိဒါဇင်များစွာ မိသားစုလိုက်ထွက်ပြေးမှုဆိုပြီး ဒီယူကျု့ချန်နယ်ကပဲ ဖြန့်ဝေထားတာကို ဒီနေရာဒီနေရာနဲ့ ဒီနေရာတွေမှာကြည့်ပါ။

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

အခုဖြန့်ဝေနေတဲ့ “Share Local Media”အမည်နဲ့ ယူကျု့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်လွဲ သို့မဟုတ် သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိလေ့ရှိတာ တွေ့ရပါတယ်။ ဒီယူကျူ့ချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

အခု ခေါင်းစဉ်လွဲတပ်ဖြန့်ဝေထားတဲ့ ၉ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာ နိုဝင်ဘာ ၁၈ ရက်မှာ ရန်ကုန်ခေတ်သစ်သတင်းဌာန ကဖော်ပြခဲ့ “တောင်ငူမြို့ ၊ ၄ မိုင်ရှိ အမှတ် ၃၉ ခြေလျင်တပ်ရင်းကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်နေပြီး စစ်တပ်က တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်နေ”၊ “ကိုးကန့်ခရိုင်ရှိ စစ်တပ်၏ တပ်စခန်း ၄ ခုကို ကိုးကန့် MNDAA က ထပ်မံ သိမ်းပိုက်နိုင်ခဲ့ပြီး တပ်စခန်း ၁၅၂ ခုထိ သိမ်းပိုက်ရရှိထား”၊ “ရွှေဘိုနှင့် ဝက်လက် တို့တွင် စစ်ကြောင်းနှင့် စစ်သားများ တပ်စွဲထားသော နေရာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်”စတဲ့သတင်းတွေနဲ့ နိုင်ငံတဝှမ်းက တိုက်ပွဲသတင်းနဲ့ စစ်တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုသတင်းတွေကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တာတွေ့ရတယ်။

သုံးသပ်ချက်

နိုဝင်ဘာ ၁၈ ရက်မှာ ရန်ကုန်ခေတ်သစ်သတင်းဌာန ကဖော်ပြခဲ့တိုက်ပွဲသတင်းတွေကို ခေါင်းစဉ်တုတပ်ပြီး ပြန်လည်ဖြန့်ချိထားခြင်းဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုတခုလုံးမှာ နေပြည်တော်က တပ်ရင်းတခုလုံး ထွက်ပြေးတဲ့အကြောင်းမပါဝင်ပါဘူး။ အခြား‌သော သတင်းမီဒီယာတွေမှာလည်း ဒီသတင်းဖော်ပြချက်မရှိပါဘူး။

ပြောဆိုချက်- နေပြည်တော်က တပ်ရင်းတခု တပ်ရင်းလိုက် ညတွင်းချင်းထွက်ပြေးတိမ်းရှောင်

Avatar

Title:Fact Check: နေပြည်တော်က တပ်ရင်းလိုက် ညတွင်းချင်းထွက်ပြေးတိမ်းရှောင်မှု သတင်းခေါင်းစဉ်တု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *