Fact Check: ပဲခူး ဒေးစွန်ပါသာသနာ့နယ်မြေကို KNU နဲ့ PDF ဖျက်ဆီးမှုသတင်းမှား

Misleading နိုင်ငံ‌ရေး

ပဲခူးမြို့ ဘုရားကြီး ဒေးစွန်ပါသာသနာ့နယ်မြေက ဗုဒ္ဓရုပ်ပွားတော်တွေနဲ့ အဆောက်အဦတွေကို KNU နဲ့ PDF ကဝင်ရောက်ဖျက်ဆီးသွားတယ်လို့ဆိုပြီး ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ဖြန့်ချိလျက်ရှိ တာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားဖြန့်ချိမှုသာဖြစ်တယ်။

ဖြန့်ဝေနေတဲ့ ပို့စ်တွေမှာ ပဒိုစောကွယ်ထူးဝင်း ဦးဆောင်တဲ့ KNU နဲ့ PDF  တွေက ဒီလိုဖျက်ဆီးခဲ့တာလို့ လည်းဆိုထားပါတယ်။အောက်ပါစခရင်ရှော့ကို ကြည့်ပါ။ တူညီတဲ့ ဖြန့်ဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

 “❗️အကြမ်းဖက်မှုအားရှုတ်ချပါသည်❗️

ပဒိုစောကွယ်ထူးဝင်း ဦးဆောင်သော KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ က

ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ဒေးစွန်ပါသာသနာ့နယ်မြေရှိ ဗုဒ္ဓရုပ်ပွားတော်များနှင့် သာသနာနိက အဆောက်အဦများကို ဝင်ရောက်ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။

#thazinoo_သူရိယနေဝန်း”

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

တကယ်တော့ ပဲခူးမြို့နယ် ဝမ်းဘဲအင်းကျေးရွာက ဒေးစွန်ပါသာသနာ့ နယ်မြေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေ ဝင်ရောက်ခိုအောင်းနေတယ်လို့ စစ်ကောင်စီက သတင်းဖြန့်ပြီး ဘုရားတွေကိုဖျက်ဆီးပြီး သာသနာပိုင် ပစ္စည်းတွေကို ရောင်းစားနေတဲ့အကြောင်း ဒေသခံတွေကို ကိုးကားပြီး ဧရာဝတီတိုင်မ်း(Ayeyarwaddy Times)သတင်းဌာနက အစောဆုံးအနေနဲ့ ဖော်ပြခဲ့တာတွေ့ရပါတယ်။ ဒီသတင်းဖော်ပြချက်မှာ အခုလို KNU နဲ့ PDF ကဖျက်ဆီးမှုအဖြစ် မျှဝေထားတဲ့ ဓာတ်ပုံတွေလည်းပါဝင်ပြီး စုစုပေါင်း ဓာတ်ပုံ ၁၄ ပုံပါဝင်ပါတယ်။ အောက်ပါလင့်ခ်မှာကြည့်ပါ။ 

ဒီအပြင် အောက်တိုက်ဘာ ၅ ရက်နေ့မှာတော့ ပဲခူး၊ ဒေးစွန်ပါ သာသနာ့နယ်မြေတွင် PDF များ ဝင်ရောက်တွေ ခိုအောင်းနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သန်လျင် ခလရ ၉၀ မှ ဗိုလ်ကြီး သန့်ဇင်ဦး ဦးဆောင်ပြီး ဘုရား၊ စေတီ၊ ကျောင်းဆောင်တွေကို ဖျက်ဆီးခဲ့တာဖြစ်ကြောင်း၊ ကော့မှူးမြို့နယ်၊ ဇလုပ်ကြီး ကျေးရွာမှ ရွာသား တချို့ကို အလုပ်သမားအဖြစ် ငှားရမ်းဖျက်ဆီးခဲ့တာတွေ့ရကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက ထပ်မံဖော်ပြပါတယ်။ အောက်ပါလင့်ခ်မှာကြည့်ပါ။ 

မဇ္ဈိမသတင်းဌာနကလည်း ဒီလို စစ်တပ်ဝါဒဖြန့်ချိ‌ရေးအသိုင်းအဝိုင်းက မမှန်သတင်းဖြန့်နေတဲ့အကြောင်း ဒေသခံတွေကို ထပ်ပြီးဆက်သွယ်အတည်ပြုပြီး အချက်အလက်စိစစ်ချက်အဖြစ်‌‌ဖော်ပြခဲ့ပါသေးတယ်။ ဒီလင့်ခ်မှာကြည့်ပါ။ 

သုံးသပ်ချက်

ဒေးစွန်ပါသာသနာ့နယ်မြေကို PDF တွေခိုအောင်းနေတဲ့အကြောင်းပြချက်နဲ့ စစ်တပ်က ဖျက်ဆီးခဲ့တဲ့သတင်းကို သတင်းဌာနအချို့က စတင်‌ဖော်ပြခဲ့ပြီးနောက်မှာ စစ်တပ်ဝါဒဖြန့်ချိရေးအသိုင်းအဝိုင်းက တန်ပြန်တဲ့အနေနဲ့ KNU၊ PDF ရဲ့ဖျက်ဆီးမှုအဖြစ် သတင်းမှားဖြန့်ချိလာခြင်းဖြစ်တာတွေ့ရပါတယ်။

ပြောဆိုချက်- ပဲခူး ဒေးစွန်ပါသာသနာ့နယ်မြေကို KNU နဲ့ PDF ဖျက်ဆီး

Avatar

Title:Fact Check: ပဲခူး ဒေးစွန်ပါသာသနာ့နယ်မြေကို KNU နဲ့ PDF ဖျက်ဆီးမှုသတင်းမှား

Written By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *