Fact Check: NUG ကို ဒေါ်လာ ၅၂၅ သန်းပေးဖို့ အောက်လွှတ်တော်အတည်ပြုခဲ့သလား-မဟုတ်ပါ

နိုင်ငံရေး | Politics

NUGကို ဒေါ်လာ ၅၂၅ သန်းပေးဖို့ အမေရိကန် အောက်လွှတ်တော်က ၂၀၂၃ ခုနှစ် ဇူလိုင် ၁၈ ရက်မှာ အတည်ပြု လိုက်ပြီဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ တကယ်တော့ VOA မြန်မာပိုင်းက ဖော်ပြခဲ့တဲ့ NUG ရဲ့အကူအညီတောင်းခံမှုသတင်းကို အမေရိကန် လွှတ်တော်က အတည်ပြု လိုက်တယ်ဆိုပြီး နားလည်မှုလွဲစေနိုင်တဲ့ ခေါင်းစဉ်တပ်ထားခြင်းဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ 

“NUGကို ဒေါ်လာ သန်း၅၂၅ ပေးဖို့ အောက်လွှတ်တော် အတည်ပြုပြီ 18July 2023”

တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

အခုဖော်ပြနေတဲ့ ဗွီဒီယိုပါ အကြောင်းအရာဟာ ၂၀၂၃ ခုနှစ် ဇူလိုင် ၁၇ ရက်မှာ  အမေရိကန်အသံ သတင်းဌာန (VOA) မြန်မာပိုင်းက ဖော်ပြခဲ့တဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က အမေရိကန်အစိုးရကို ဒေါ်လာ ၅၂၅ သန်း အကူအညီတောင်းတဲ့ သတင်းကို နားလည်မှုလွဲစေနိုင်တဲ့ ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ NUG တာဝန်ရှိသူတွေဟာ အမေရိကန်ဆီကနေ ဒရုန်းတွေ၊ သံချပ်ကာမော်တော်ယာဉ်တွေ၊ ရေဒါစောင့်ကြည့်မှု ကိရိယာ တွေ ဝယ်ယူဖို့ အပါအဝင် လက်နက်မဟုတ်တဲ့ အကူအညီနဲ့ လူသားချင်းစာနာမှု အကူအညီတွေအတွက် စုစုပေါင်း ဒေါ်လာ ၅၂၅ သန်း အကူအညီတောင်းခံထားတယ်လို့ VOA မြန်မာပိုင်းက ဒီမူရင်း သတင်းဖော်ပြချက်မှာ ရေးသား ပါတယ်။ ဒီအကူအညီကို အမေရိကန် လွှတ်တော်က အတည်ပြုလိုက်ပြီဆိုတဲ့ အထောက်အထားမတွေ့ရပါဘူး။ 

အမေရိကန်အခြေစိုက် လေ့လာသုံးသပ်သူတွေရဲ့ အမြင်ကို ဒီသတင်းတင်ဆက်မှုမှာ ထည့်သွင်းဖော်ပြရာမှာတော့ ဒီလို NUG ကတောင်းတဲ့အကူအညီတွေထဲမှာပါတဲ့ ပစ္စည်းတွေဟာ စစ်ဘက်၊အရပ်ဘက် ၂ ခုစလုံးအသုံးပြုနိုင်တာ မျိုး၊ မြန်မာအရေးဟာ အမေရိကန်လွှတ်တော်ရော အစိုးရပိုင်းမှာပါ ယူကရိန်းနဲ့ တရုတ်အကြောင်းလောက် လွှမ်းမိုးမှုမရှိတာမို့ အမေရိကန်ဆီက အကူအညီရဖို့မလွယ်ဘူးလို့ VOA မြန်မာပိုင်းကသုံးသပ်ထားပါတယ်။ အောက်ပါလင်ခ့်မှာ အပြည့်အစုံကို ကြည့်ပါ။ 

https://www.facebook.com/100064360947018/posts/658599459628746

NUG တာဝန်ရှိသူတွေနဲ့ မဟာမိတ်လက်နက်ကိုင်အချို့ဟာ အမေရိကန်လွှတ်တော် အသုံးစရိတ်ခွဲဝေချထားရေး ကော်မတီတွေကို အခုလိုမျိုး လက်နက်မဟုတ်တဲ့ အကူအညီ ဒေါ်လာ ၅၂၅ သန်းပေးဖို့ အတွက်တောင်း ဆိုထားကြောင်း NUG တာဝန်ရှိသူတွေကို ကိုးကားပြီးVOA အင်္ဂလိပ်ပိုင်းကလည်း ရေးသားပါတယ်။ ဒီတောင်းဆိုချက်နဲ့ ပတ်သက်လို့ ဘယ်လိုအခြေအနေရှိနေ သလဲဆိုတဲ့ အချက်ကို NUG ကလည်း မပြောသလို အမေရိကန်လွှတ်တော် ကော်မတီတာဝန်ရှိသူတွေဘက်ကလည်း မေးမြန်းတာကို တုန့်ပြန်မှုမျိုးမရှိဘူးလို့  အင်္ဂလိပ်ဘာသာနဲ့ ဒီသတင်း ဌာနက သတင်းဖော်ပြချက်မှာ ရေးသားပါတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။

၂၀၂၂ ခုနှစ် ဒီဇင်ဘာကအတည်ပြုလိုက်တဲ့ ၂၀၂၃ ခုနှစ် အမေရိကန်အမျိုးသားလုံခြုံရေးဥပဒေမှာတော့ NUG အပါအဝင် မြန်မာစစ်အာဏာသိမ်းအုပ်စုကို တော်လှန်နေတဲ့ အင်အားစုတွေကို စစ်ရေးမဟုတ်တဲ့ အကူအညီ တွေပေးဖို့ ထည့်သွင်း အတည်ပြုထားပါတယ်။ သို့သော် ဘယ်လိုအကူအညီပေးမလဲဆိုတာနဲ့ ငွေဘယ်လောက် ပေးမလဲဆိုတာတော့ မပါဝင်ပါဘူး။

သုံးသပ်ချက်

 NUG က အမေရိကန်အစိုးရကို ဒေါ်လာ ၅၂၅ သန်း အကူအညီတောင်းထားတာမှန်ပေမဲ့ အမေရိကန်အသုံးစရိတ် ခွဲဝေချထားရေးကော်မတီက အတည်ပြုလိုက်ပြီဆိုတဲ့ အထောက်အထားမတွေ့ရပါဘူး။ ဒီလိုအခြေအနေမှာ NUG က အမေရိကန်လွှတ်တော်မှာ ဒေါ်လာ ၅၂၅ သန်းတောင်းထားတဲ့အကြောင်း VOA  မြန်မာပိုင်းက ‌သတင်း ဖော်ပြချက်ကို သတင်းခေါင်းစဉ်လွဲတပ်ထားခြင်းဖြစ်တယ်။

Avatar

Title:Fact Check: NUG ကို ဒေါ်လာ ၅၂၅ သန်းပေးဖို့ အောက်လွှတ်တော်အတည်ပြုခဲ့သလား-မဟုတ်ပါ

Written By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *