
မြန်မာစစ်တပ် ဦးမင်းအောင်လှိုင်ကို ထောက်ခံကြောင်း အမေရိကန် ဝါရှင်တန်ဒီစီမှာ ဆန္ဒထုတ်ဖော်ပုံဆိုပြီးတော့ ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာ အမေရိကန်အလံကိုင်ဆောင်ထားသူအချို့နဲ့အတူ စစ်တပ်ခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် ဓာတ်ပုံကို ကိုင်ဆောင်ထားသူအမျိုးသားတစ်ဦးရဲ့ ဓာတ်ပုံ ၂ ပါဝင်တယ်။
သို့သော် ဒီဓာတ်ပုံတွေဟာ ၂၀၂၀ ခုနှစ်အတွင်းက အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကာကွယ်ဖို့အတွက် အိမ်ထဲမှာနေဖို့အမိန့်ထုတ်ထားတာကို ဆန္ဒကျင့် ဆန္ဒပြပုံတွေကို ပြုပြင်ပြောင်းလဲထားတာဖြစ်ပါတယ်။
“မြန်မာစစ်တပ် ဦးမင်းအောင်လှိုင် ကို ထောက်ခံကြောင်း..အမေရိကန် ဝါရှင်တန်ဒီစီမှာ ဆန္ဒထုပ်ဖော်နေ ကြပြီ.. မျီုးချစ်အပေါင်းတို့ရေ”စသည်ဖြင့်ရေးသားပြီး “Kwee”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း ရေးသားမျှဝေထားတာတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
၂၀၂၁ ခုနှစ် မေလထဲမှာကလည်း ဒီလိုမျှဝေမှုတွေရှိခဲ့တာကို အောက်ပါအတိုင်းတွေ့ရပါတယ်။ အချက်အလက် စိစစ်ကြည့်ရအောင်ပါ။

အချက်အလက်စိစစ်ချက်
ပထမဓာတ်ပုံကို Google မှာပုံရှာနည်း အသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။
ထရမ့်ထောက်ခံသူတွေဟာ အိမ်တွင်းအောင်းအစီအစဉ်ကို ဆန့်ကျင်ခဲ့ကြတယ်လို့ ရေးသားထားတဲ့ PBS News Hour ကသတင်းမှာ ဒီဓာတ်ပုံကိုတွေ့ရပါတယ်။
မူရင်းလင်ခ့် – PBS | Archive link
The Guardian သတင်းတစ်ခုမှာတော့ ဓာတ်ပုံစာသားနေရာမှာ “မြို့တော်ဝန် အန်ဒီဘီရှီးယား(Andy Beshear)ရဲ့ စီးပွားရေးလုပ်ငန်းတွေ ပိတ်ဖို့နဲ့ တစ်ဦးနဲ့ တစ်ဦးခပ်ခပ်ခွာခွာနေဖို့ လိုအပ်ချက်အမိန့်ကို ဆန့်ကျင်တဲ့အနေနဲ့ လူရာဂဏန်းများစွာဟာ ကန္တကီးပြည်နယ်မြို့တော် ဖရန့်ခ်ဖို့မှာ ဧပြီ ၁၅ ရက်က စုရုံးဆန္ဒပြခဲ့ကြသည်”လို့ ရေးသားထားပါတယ်။

မူရင်းလင်ခ့် – The Guardian | Archive link
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထောက်ခံပွဲပုံအဖြစ်ဖော်ပြထားတဲ့ ဓာတ်ပုံနဲ့ ကန္တကီးပြည်နယ်မှာ ဆန္ဒပြပုံကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

အခြားသော မျက်နှာဗုံးစွပ်အမျိုးသားကိုင်ထားတဲ့ ဓာတ်ပုံဟာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုလျော့ချဖို့အတွက် အိမ်တွင်းအောင်းအစီအစဉ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ အမေရိကန်နိုင်ငံ ကယ်လဖိုးနီးယားပြည်နယ် ဆန်ဒီရေဂို မြို့က ဆန္ဒပြပွဲတစ်ခုဖြစ်ပါတယ်။

မူရင်းလင်ခ့် – Ktla | Archive link
ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ထောက်ခံပွဲလို့ဆိုထားတဲ့ ဓာတ်ပုံနနဲ့ ဆန်ဒီရေဂိုမြို့က ဆန္ဒပြပွဲ၂ပုံကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ အမေရိကန်နိုင်ငံမှာ ၂၀၂၀ ခုနှစ် ဧပြီလအတွင်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုလျော့ချနိုင်ဖို့အတွက် အိမ်တွင်းအောင်အစီအစဉ်ကို ဆန့်ကျင်တဲ့အနေနဲ့ အမေရိကန်မှာ ဆန္ဒပြပွဲက ဓာတ်ပုံတွေကို ပြုပြင်ဖန်တီးပြီး မျှဝေနေခြင်းဖြစ်ပါတယ်။

Title:Fact Check: မြန်မာစစ်တပ် ဦးမင်းအောင်လှိုင်ကို ထောက်ခံကြောင်း အမေရိကန် ဝါရှင်တန်ဒီစီမှာ ဆန္ဒထုတ်ဖော်ပုံလား-မဟုတ်ပါ
Fact Check By: Zun ZeeResult: False