
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLDပါတီရဲ့ ဒုတိယဥက္ကဌဖြစ်သူဦးစိုင်းညွန့်လွင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီကို အားပေးသင့်တယ်လို့ ပြောဆိုခဲ့တယ်ဆိုတဲ့ ပို့စ်ဟာ လူမှုကွန်ယက်အသုံးပြုသူများအကြားပျံ့နှံ့နေတာတွေ့ရပါတယ်။
ဒီပို့စ်မှာ “ကဲ စပြီးနော်ငါတို့တောင်ပေါ်သားတွေကနေပြီးအမေ့ဖက်မှာစပြီးရပ်တည်လိုက်ပြီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကတော့NLDပါတီဘက်ကအတိအလင်းရပ်တည်ပြီ”လို့ ခေါင်စဉ်တပ်ထားပြီး “တစ်ခုက NLD အစိုးရဖြစ်မယ်ဆိုတော့ ကျနော်တို့က အတိုက်အခံလုပ်ဖို့ ခက်မယ်လေ။ အရင် ပြည်ခိုင်ဖြိုးအစိုးရ ဆိုရင်တော့ အတိုက်အခံလုပ်ရတာပြဿနာမရှိဘူး။ နောက်ပြီးတော့ ပြည်နယ်ကိစ္စ ထားလိုက်ဦး ပြည်ထောင်စုမှာက ဒီအချိန်မှာ ဘာပဲဖြစ်ဖြစ် NLD ကို အားပေးသင့်တယ်လို့ ထင်တယ်…”စသဖြင့် ရေးသားထားတာတွေကို ဦးစိုင်းညွန့်လွင်ပြောခဲ့သလို ရေးသားမျှဝေနေကြတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB Link | Archive link
အချက်အလက်စိစစ်ချက်
ဒီပို့စ်နဲ့ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLDပါတီရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ NLDပါတီကို အားပေးသင့်တယ်လို့ အဓိပ္ပာယ်ရတဲ့ စကားစာသားတွေကို ရေးသား ပြောကြားထားတာမတွေ့ပါဘူး။ ဒါပေမဲ့ ဦးစိုင်းညွန့်လွင်ရဲ့ ဖေ့ဘွတ်ခ်အကောက်မှာတော့ ဒါဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ပြောခဲ့တဲ့စကားသာဖြစ်ပြီး ဒါက အထင်အမြင်လွဲအောင်ရေးသားထားတာဖြစ်တယ်လို့ ပြန်ရှင်းထားပါတယ်။
“အမှန်ကိုပြောရရင် အဲ့ဒီpostမှာဖေါ်ပြထားတဲ့စာသားတွေကို ၂၀၁၅ နှစ်ကုန် ရွေးကောက်ပွဲနှောင်းပိုင်းကာလမှာ ကျနော်ပြောခဲ့တာဖြစ်ပါတယ်။ စာနဲ့တွဲပြီး တင်ထားတဲ့“ဓါတ်ပုံ”ကတော့(19th August 2020)နေ့ စတုတ္ထအကြိမ် ငြိမ်းချမ်းရေးညီလာခံတုန်းက ပုံဖြစ်ပါတယ်။နှစ်ခုစလုံးက အမှန်ဖြစ်ပေမဲ့ အဲ့ဒီနှစ်ခုကိုတွဲတင်လိုက်တဲ့အခါ “အတုအယောင်” ဖြစ်သွားပါတယ်။”လို့ စသဖြင့် ဦးစိုင်းညွန့်လွင်က ပြန်ရေးသားထားတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ NLDကို အားပေးသင့်တယ်လို့ ဦးစိုင်းညွန့်လွင်ပြောဆိုခဲ့တယ်ဆိုတာ အခုလက်ရှိကာလမှာပြောခဲ့တာမဟုတ်ပဲ ၂၀၁၅ ရွေးကောက်ပွဲကာလက ပြောခဲ့တဲ့စကားသာဖြစ်တာကို တွေ့ရတာတွေ့ရပါတယ်။