Fact Check: PDF တွေ အိမ်မပြန်ရင် နစကထံအပ်နှံမယ်လို့ KNU တာဝန်ရှိသူက ပြောနေတာလား-မဟုတ်ပါ

Altered နိုင်ငံရေး | Politics

PDF တွေ အိမ်မပြန်ရင် နစကထံအပ်နှံသွားမယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောကြားချက် ဗွီဒီယိုလို့ ဆိုထားတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ ၂၈ စက္ကန့်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာ ဗိုလ်စလုံးက PDF တွေကို အိမ်ပြန်ဖို့နဲ့ မပြန်ရင် နစကလက်အပ်မယ်လို့ ပြောနေတာပါ။ တကယ်တော့ အသံပိုင်းဆိုင်ရာ ပြုပြင်ပြောင်း လဲထားတဲ့ ဗွီဒီယိုဖြစ်တာတွေ့ရပါတယ်။

“KNU များအနေဖြင့် PDF များကို NUG ထံမှ မျောက်ပြ ဆန်တောင်းသဘောမျိုးဖြင့် လက်ခံထားရာမှ KNU တပ်မဟာ ၅ နှင့် ၆တို့ကို …တပ်မတော်မှ ဖွတ်ဖွတ်ကြေအောင် ထိုးစစ်ဆင်လိုက်ရာမှစ၍ စစ်ပွဲကိုဆက်တိုက် နေခြင်းသည် ၎င်းတို့အတွက် အကျိုးအမြတ်မရှိ  ငြိမ်းချမ်းရေးရယူခြင်းဖြင့်သာ  အကျိုးရှိနိုင်မည်ကို သိမြင်လာ သဖြင့် လက်ရှိ မိမိတို့ထံတွင် ခိုလှုံနေသည် PDF များကို ၎င်းတို့၏ နေအိမ်များသို့ ပြန်ခိုင်းနေကြောင်း သတင်းရရှိသည် ! အကယ်၍ မိမိသဘောဖြင့် မပြန်ပဲ ဆက်လက်နေနေပါက နစကထံ အပ်နှံသွားမည်ဟု KNU ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောဆိုလိုက်သည်”လို့ ရေးသားပြီး “U Win Myint” အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက ဒီဗွီဒီယိုကိုအောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၉၀၀ ဝန်းကျင် ရှိပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

Google မှာပုံရှာနည်းနဲ့ အဓိကျတဲ့စကားလုံးအချို့အသုံးပြုရှာဖွေနည်းအသုံးပြုရှာဖွေရာမှာ ဒီဗွီဒီယိုဟာ ဗိုလ်စလုံး ဦးဆောင်တဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA တပ်ဖွဲ့ဝင်တွေ KNDO အဖွဲ့ကိုပြောင်းလာတာကို ကြိုဆိုတဲ့အခမ်းအနားဖြစ်တာတွေ့ရပါတယ်။ ဗိုလ်စလုံးဦးဆောင်တဲ့ အင်အား ၂၀၀ ကျော်ရှိတဲ့ DKBA တပ်ဖွဲ့ဝင် တွေဟာ ဗိုလ်မှူးချုပ် စောနယ်ဒါးဘိုမြ ဦးဆောင်တဲ့ KNDO တပ်ဖွဲ့ထဲကို ဧပြီလ ၂၆ ရက်နေ့က ဘက်ပြောင်းဝင် ရောက်လာခဲ့ပါတယ်။ သူတို့ကို KNDO က ဗိုလ်မှူးချုပ်စောနယ်ဒါးဘိုမြက မေ ၅ ရက်နေ့က အခမ်းအနားနဲ့ကြို ဆိုခဲ့ပါတယ်။

မူရင်းလင်ခ့် – Karen Flag ChannelArchive link  

၂၈ စက္ကန့်ရှည်လျားတဲ့အသံပိုင်းဆိုင်ရာပြုပြင်ထားတဲ့ ဗွီဒီယိုနဲ့ မူရင်းဗွီဒီယိုမှာပါတဲ့ ၃၃ စက္ကန့်ကနေ ၅၆ စက္ကန့်ကြားဗွီဒီယိုအစိတ်အပိုင်းအောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

မူလစကားအသံဟာ ကရင်ဘာသာနဲ့ပြောကြားနေတာဖြစ်ပြီး Fact Crescendo Myanmar အနေနဲ့ ဗိုလ်စလုံး ဘာပြောနေသလဲဆိုတာအတည်ပြုနိုင်ခြင်းမရှိပါဘူး။ သို့သော်လည်း ဒီသတင်းကို သတင်းမီဒီယာတွေကလဲ ထုတ်လွှင့်ခဲ့တာတွေ့ရပြီး ဗိုလ်စလုံးက ဒီလိုပြောဆိုတယ်ဆိုတဲ့အထောက်အထားမတွေ့ရပါဘူး။

 လက်ရှိအချိန်မှာတော့ ဗိုလ်မှူးချုပ် စောနယ်ဒါးဘိုမြက NCA လက်မှတ်ထိုးထားတဲ့ KNDO အဖွဲ့ထဲကနေ စစ်ကောင်စီကိုတိုက်ဖို့အလုပ်မဖြစ်နိုင်ဘူးဆိုပြီး ကော်သူးလေ တပ်မတော်ကို တည်ထောင်ကြောင်း ကြေညာထားပါတယ်။ ဗိုလ်စလုံးဟာ DKBA အဖွဲ့ရဲ့ စစ်တပ်နဲ့နီးစပ်တဲ့ဆက်ဆံရေးကိုမကြိုက်တော့တဲ့အတွက် စစ်တိုက်ခြင်လို့ KNDO ဘက်ကိုပြောင်းလာလို့လည်း ဧရာဝတီသတင်းမှာဖော်ပြပါတယ်။

သုံးသပ်ချက်

ဗွီဒီယိုထဲမှာ ဗိုလ်စလုံးက ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA တပ်ဖွဲ့ဝင် KNDO အဖွဲ့ကိုပြောင်းလာ တာကို ကြိုဆိုတဲ့အခမ်းအနားဖြစ်ပါတယ်။ ဗိုလ်စလုံးက PDF တွေ အိမ်မပြန်ပါက နစကထံအပ်နှံသွားမယ် လို့ပြောချက် လွတ်လပ်တဲ့မီဒီယာတွေမှာဖော်ပြချက်မတွေ့ရပါဘူး။ ဗိုလ်စလုံးအဖွဲ့ဟာ စစ်တပ်နဲ့ ရင်ဆိုင်တိုက်ခိုက်နေတဲ့အဖွဲ့တစ်ခုဖြစ်တာတွေ့ရပါတယ်။

Avatar

Title:Fact Check: PDF တွေ အိမ်မပြန်ရင် နစကထံအပ်နှံမယ်လို့ KNU တာဝန်ရှိသူက ပြောနေတာလား-မဟုတ်ပါ

Fact Check By: Nayar Maung 

Result: Altered


Leave a Reply

Your email address will not be published. Required fields are marked *