Fact Check: ၂၀၂၁ ခုနှစ်က အိန္ဒိယမှာ ရဟတ်ယာဉ်ပျက်ကျမှုဗွီဒီယိုသာဖြစ်တယ်

False လူမှုရေး

အမျိုးသား ညီညွှတ်ရေးအစိုးရ(NUG)က ကာကွယ်ရေးဝန်ကြီးဌာနက စစ်တပ် ရဟတ်ယာဉ် တစ်စီး ပစ်ချနိုင်ခဲ့ တယ်လို့ သူတို့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာ ဖေဖော်ဝါရီ ၃ ရက်ကဖော်ပြခဲ့အပြီးမှာ ဖြစ်စဉ်နဲ့ မသက်ဆိုင်တဲ့ ရဟတ်ယာဉ် ပျက်ကျမှု ဓာတ်ပုံနဲ့ ဗွီဒီယိုအဟောင်းတွေကိုအသုံးပြုပြီး သတင်းမှားဖြန့်ဝေနေတာတွေ့ရပါတယ်။

အောက်ပါ ဗွီဒီယိုပို့စ်ကတော့ မြန်မာနိုင်ငံ ဟုမ္မလင်းမြို့အနီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ချလိုက်တဲ့ ရဟတ်ယာဉ်အဖြစ်ဖော်ပြထားတာဖြစ်ပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ သတင်းမှား တစ်ခုဖြစ်ပါတယ်။ တကယ်တော့ အိန္ဒိယနိုင်ငံ အရုနာချာ ပရာ့ဒေ့ရှ်(Arunachal Pradesh) ပြည်နယ်မှာ ၂၀၂၁ ခုနှစ်အတွင်းက အိန္ဒိယလေတပ် ရဟတ်ယာဉ် တစ်စင်း ပျက်ကျမှု ဗွီဒီယိုဖြစ်ပါတယ်။ 

“ဖေဖော်ဝါရီ ၃ ရက် နေ့လည် (၃:၄၅)နာရီခန့်တွင် ဟုမ္မလင်းမြို့နယ် ဖြစ်ပွားသော တိုက်ပွဲ၌ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ  စကစ ရဟတ်ယာဉ် ၁ စီးကို ပျက်ကျအောင် ပစ်ချခဲ့သည့် ရုပ်သံ။”လို့ ရေးသားပြီး “𝐌𝐚𝐭𝐮𝐩𝐢 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐍𝐞𝐰𝐬” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမျှဝေထားတာကို အောက်ပါအတိုင်းတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

ဗွီဒီယိုပါမြင်ကွင်း အစိတ်အပိုင်းက screenshot ရယူပြီး Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဗွီဒီယိုဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်က အိန္ဒိယနိုင်ငံ အရုနာချာ ပရာ့ဒေ့ရှ်(Arunachal Pradesh) ပြည်နယ်မှာ  အိန္ဒိယလေတပ် ရဟတ်ယာဉ် တစ်စင်းပျက်ကျမှု ဗွီဒီယိုဖြစ်တာတွေ့ရပါတယ်။ ပျက်ကျခဲ့တဲ့ အိန္ဒိယလေတပ် ရဟတ်ယာဉ်ဟာ Mi-17 အမျိုးအစားဖြစ်ပြီး ရဟတ်ယာဉ်ပျက်ကျချိန်မှာ လေယာဉ်မှူး နှစ်ဦး၊ အမှုထမ်း သုံးဦး လိုက်ပါခဲ့ပြီး အားလုံးဟာ ဒဏ်ရာအနည်းငယ်ရခဲ့ပေမဲ့ အသက်အန္တရာယ်မရှိဘူးလို့ အိန္ဒိယအခြေစိုက် ANI က ဖော်ပြခဲ့တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာကြည့်ပါ။ 

အခြားသော အိန္ဒိယအခြေစိုက်သတင်းဌာနတစ်ခုဖြစ်တဲ့ Hindustan Times သတင်းဌာနကလည်း ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၉ ရက်က ၎င်းတို့ရဲ့ ယူကျူ့ချန်နယ် သတင်းဖော်ပြခဲ့တာတွေ့ရပါတယ်။

သုံးသပ်ချက်

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်က အိန္ဒိယနိုင်ငံ အရုနာချာ ပရာ့ဒေ့ရှ်(Arunachal Pradesh) ပြည်နယ်မှာ  အိန္ဒိယလေတပ် ရဟတ်ယာဉ် တစ်စင်းပျက်ကျမှု ဗွီဒီယိုသာဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဟုမ္မလင်းမြို့အနီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ရဟတ်ယာဉ်တစ်စင်းပစ်ချမှုဖြစ်စဉ်နဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။

Avatar

Title:Fact Check: ၂၀၂၁ ခုနှစ်က အိန္ဒိယမှာ ရဟတ်ယာဉ်ပျက်ကျမှုဗွီဒီယိုသာဖြစ်တယ်

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *