Fact Check: မြန်မာဖုန်းပျောက်သူတွေ ဖုန်းပြန်ရှာဖို့အတွက် အီးမေးလ်ပို့ခိုင်းတဲ့ အချက်အလက်မှားပျံ့နှံ့

False လူမှုရေး

မြန်မာနိုင်ငံက ဖုန်းပျောက်သွားတဲ့သူတွေအနေနဲ့ အီးမေးလ်တစ်ခုကို မိမိတို့ရဲ့ ဖုန်း IMEI နံပါတ်ပို့မယ်ဆိုရင် ဖုန်း ဘယ်နေရာ ရောက်နေသလဲဆိုတာကိုသိရှိနိုင်ပြီး ပြန်လည်ရှာတွေ့စေဖို့အတွက် အထောက်အကူဖြစ်နိုင်မယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ကြိမ်ဖန်များပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားဖြစ်ပါတယ်။

အောက်ပါဓာတ်ပုံနဲ့စာသားတွေကတော့ ယခုရက်ပိုင်းအတွင်း ပြန်လည်ပျံ့နှံ့လာခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခုဖြစ်ပါ တယ်။ 

“Bus စီးရင်း ခါးပနှိုက်ခံရလို့ ဖုန်းပါသွားတာဖြစ်ဖြစ်

အပြင်သွားရင် တစ်နေရာရာမှာဖုန်းမေ့ကျန်ခဲ့လို့

ပျောက်သွားတာဖြစ်ဖြစ် အသုံးဝင်စေမယ့် ဗဟုသုတပါ 👇🏻

အရေးပေါ်အခြေနေမျိုးအတွက် ဆေ့ဖ်ထားကြပါခင်ဗျ ❗

Credit ဝေမျှသူ”

မူရင်းလင်ခ့် – FB linkArchive link  

ဓာတ်ပုံထဲမှာတော့ ဖုန်းပျောက်တဲ့သူတွေအနေနဲ့ ပထမဆုံး IMEI နံပါတ် ၁၅ လုံးကို cop@vsnl.net ကိုပေးပို့မယ်ဆိုရင် မိမိဖုန်းဆင်းကတ်ကိုဖြုတ်ပစ်လိုက်သည့်တိုင်အောင် ဖုန်းရဲ့တည်နေရာကို သိရှိအောင် အကြောင်းကြားစာပို့ပေးတယ်လို့လည်း ရေးသားထားပါတယ်။

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

တကယ်တော့ cop@vsnl.net ဆိုတာ အိန္ဒိယနိုင်ငံ ချန်နိုင်း(Chennai)မြို့က ရဲစခန်းတစ်ခုရဲ့ အီးမေးလ်ဖြစ်ပြီး ၂၀၁၇ ခုနှစ်က hack ခံခဲ့ရပြီး အခုချိန်မှာလုံးဝအသုံးပြုမတော့ဘဲ ပိတ်သိမ်းလိုက်ပြီဖြစ်တဲ့ အီးမေးလ်တစ်ခု သာဖြစ်တယ်လို့ Fact Crescendo ရဲ့ တမီးနာဒူအချက်အလက်စိစစ်သူတွေကပြောပါတယ်။

မြန်မာဘာသာနဲ့ပျံ့နှံ့ခဲ့သလို တူညီတဲ့ပျံ့နှံ့မှုကို ၂၀၁၅ ခုနှစ်လောက်ကတည်းက အိန္ဒိယမှာလည်း ပျံ့နှံ့ခဲ့ဖူးပြီး အိန္ဒိယနိုင်ငံက အမြို့မြို့အနယ်က ဖုန်းပျောက်သူတွေဟာ ဆက်တိုက်ဆိုသလို ပေးပို့ခဲ့တာတွေ့ရပါတယ်။ ဒီကိစ္စဟာ မမှန်ကန်ကြောင်းရှင်းလင်းခဲ့ရတာတွေ့ရပါတယ်။ ကနဦးက ဒီအီးမေးလ်ဟာ အိန္ဒိယနိုင်ငံ ချန်နိုင်းရဲစခန်းက အီးမေးလ်ဖြစ်တဲ့အတွက် တမီးလ်နာဒူ(Tamil Nadu) ဒေသက ဖုန်းပျောက်သူတွေအတွက် ရည်ရွယ်ပြီး ဖုန်းပျောက်တိုင်ကြားနိုင်တဲ့လိပ်စာအဖြစ်ဖော်ပြခဲ့ရာ အခုလို ကျယ်ပြန့်လာခဲ့ပြီး သတင်းမှားဖြစ် လာခဲ့ပါတယ်။ ဒီလင့်ခ်မှာလည်းကြည့်ပါ။

မူရင်းလင်ခ့် – CopvsnlArchive link  

သုံးသပ်ချက်

cop@vsnl.net ဆိုတာ တချိန်က အိန္ဒိယနိုင်ငံက ချန်နိုင်းမြို့ရဲစခန်းတစ်ခုက အသုံးပြုတဲ့ အီးမေးလ်လိပ်စာ သာဖြစ်ပါတယ်။ ဒီလိပ်စာကလည်း ၂၀၁၇ ခုနှစ်နောက်ပိုင်း Hack ခံရပြီးနောက်အသုံးမပြုတော့ပဲ အပြီးပိတ်သိမ်း လိုက်ပြီဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံက ဖုန်းပျောက်သွားတဲ့သူတွေအနေနဲ့မိမိတို့ရဲ့ ဖုန်း IMEI နံပါတ်ပို့မယ် ဆိုရင် မိမိတို့ဖုန်းရဲ့ တည်နေရာကိုရမယ်ဆိုတာလည်းမဟုတ်ပါဘူး။ 

Avatar

Title:Fact Check: မြန်မာဖုန်းပျောက်သူတွေ ဖုန်းပြန်ရှာဖို့အတွက် အီးမေးလ်ပို့ခိုင်းတဲ့ အချက်အလက်မှားပျံ့နှံ့

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *