Fact Check: ပြင်ဦးလွင်ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့တဲ့ PDF တွေဖမ်းမိတဲ့ပုံလား- မဟုတ်ပါ

False နိုင်ငံရေး | Politics

ပြင်ဦးလွင်ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ မန္တလေး PDF က ၄ ဦးကို အရှင်ဖမ်းမိတယ်လို့ဆိုပြီး ဓာတ်ပုံ ဓာတ်ပုံ တပုံ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ သတင်းမှားတခုသာဖြစ်တယ်။ 

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို   ဒီနေရာမှာလည်း တွေ့ရပါတယ်။ စစ်တပ်လိုလားတဲ့ဝက်ဘ်ဆိုဒ်တွေဖြစ်တဲ့ မြန်မာနေရှင်နယ်ပို့စ်နဲ့ ပြည်ချစ်သားစတဲ့ ဝါဒဖြန့်ချိရေးဝက်ဘ်ဆိုဒ်တွေမှာလည်း ဖော်ပြထားတာတွေ့ရပါတယ်။

“ပြင်ဦးလွင်မြို့အတွင်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် မန္တလေး PDF အကြမ်းဖက်အဖွဲ့၏ ၄ဦး အရှင်ဖမ်းမိ

ပြင်ဦးလွင်၊ ဧပြီ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးမြို့တွင်းသို့ ၁၄-၄-၂၀၂၄ ရက်နေ့ ည (၉ ၃၀)နှင့် (၁၀ ၃၀)ကြား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် မန္တလေး PDF အကြမ်းဖက်အဖွဲ့မှ အကြမ်းဖက်သမား ၄ဦး ကို အရှင်ဖမ်းမိထားပြီး အကြမ်းဖက်သမား ၅လောင်း ရရှိထားကြောင်း တပ်မတော်သတင်းရင်းမြစ်များ၏ ဖော်ပြချက်အရ သိရသည်။

ဖမ်းဆီးရမိ အကြမ်းဖက်သမားများကို စစ်ဆေးနေပြီး ၎င်းတို့၏ စခန်းတည်နေရာများအား တပ်မတော် နယ်မြေရှင်းလင်းရေးအဖွဲ့က ဆက်လက်ထိုးစစ်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့အတွင်းသို့ အကြမ်းဖက်သမားများက ဧပြီ ၁၄ ရက် ညပိုင်းတွင် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် အောင်မြေဇေယျာဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေသော သံဃာတော် ၂ ပါး ပျံလွန်တော်မူခဲ့ပြီး အပြစ်မဲ့ပြည်သူ ၂ ဦးသေဆုံးကာ ပြည်သူ့ဆေးရုံတွင် တက်ရောက် ကုသမှုခံယူနေသည့် ကလေးငယ်များအပါအဝင် ဆေးရုံတက်လူနာ၊ ဆေးရုံဝန်ထမ်း ၁၁ ဦးနှင့် ရပ်ကွက်နေပြည်သူ ၁ ဦး၊ စုစုပေါင်း ၁၂  ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။”

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ဓာတ်ပုံကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဓာတ်ပုံဟာ ၂၀၂၂ ခုနှစ်အတွင်းကတည်းက အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံတပုံဖြစ်တာတွေ့ရပါတယ်။ ပြင်ဦးလွင်မှာ သင်္ကြန်ကျဖို့ ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင်ကို ဦးတည်တဲ့ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်မှု ဧပြီ ၁၄ ရက်က ဖြစ်ပွားခဲ့ပါတယ်။ 

အောက်ပါ စခရင်ရှော့ကတော့ ၂၀၂၂ ခုနှစ် မတ် ၁၅ ရက်မှ တာချီလိတ်သတင်းအေဂျင်စီက ဖော်ပြခဲ့တဲ့ သတင်း ဖော်ပြချက်ကို ရယူထားခြင်းဖြစ်တယ်။ ကရင်ပြည်နယ် မောခီးစစ်စခန်းကနေ ဝေါလေ ဘက်ကို ဈေးဝယ်ထွက် လာတဲ့  စစ်ကောင်စီ တပ်ရင်း ၂ ခုဖြစ်တဲ့ ခြေမြန်တပ်ရင်း (ခမရ-၅၅၅)နဲ့ ခြေလျင်တပ်ရင်း (ခလရ-၃၂) ကစခန်းမှူး ၊ ဒုစစ်ကြောင်းမှူးနဲ့ သူတို့ကို လုံခြုံရေး လိုက်ပါ ရယူပေးတဲ့ တပ်သားနှစ်ဦးကို KNLA တပ်ရင်း ၂၀၁ နှင့် ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သတင်းမှာဖော်ပြပါတယ်။KNU ရဲ့ သတင်းနဲ့ ပြန်ကြားရေး သတင်းဌာနတခုဖြစ်တဲ့ KIC သတင်းဌာနကလည်း ဒီသတင်းကို ဖော်ပြခဲ့တာ ဒီလင့်ခ်မှာ တွေ့ရပါတယ်။

မူရင်းလင်ခ့် – Tarchileik News | Archive link

သုံးသပ်ချက်

ဓာတ်ပုံဟာ ၂၀၂၂ ခုနှစ်အတွင်းက ကရင်ပြည်နယ် မောခီးစစ်စခန်းကနေ ဝေါလေဘက်ကို ဈေးဝယ်ထွက်လာတဲ့  စစ်ကောင်စီ ခမရ-၅၅၅ နဲ့ ခလရ-၃၂ က စခန်းမှူး ၊ ဒုစစ်ကြောင်းမှူး နဲ့ သူတို့ကို လုံခြုံရေးတပ်သား ၂ ဦးကို KNLA က ဖမ်းဆီးခဲ့တဲ့ ဓာတ်ပုံသာဖြစ်တယ်။ 

ပြောဆိုချက်- ပြင်ဦးလွင်ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့တဲ့ PDF ၄ ယောက် အရှင်ဖမ်းမိတဲ့ပုံ

Avatar

Title:Fact Check: ပြင်ဦးလွင်ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့တဲ့ PDF တွေဖမ်းမိတဲ့ပုံလား- မဟုတ်ပါ

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *